Tuesday, January 15, 2008

Teddy Bear လေး၏ဘ၀အစ

Teddy Bear သည် တိရစ္ဆာန်ရုပ်လုံးသွင်းသကဲ့သို့ ပြုလုပ်ထားသော ကလေးများအချစ်တော် ၀က်ဝရုပ်ကလေးဖြစ်သည်။Teddy Bear ဟူသော အခေါ်အဝေါ်သည် မစ္စစပီတွင် သမ္မတသီယိုဒိုရုစ်ဗဲ့လ် တောလိုက်ထွက်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သမ္မတသီယိုဒိုရုစ်ဗဲ့လ်၏အစောင့်အရှောက်များက ဖမ်းမိထားသော အမေရိကန်ဝက်ဝံမဲကလေးကို သေနတ်ဖြင့် ပစ်ရန်ပြောသော်လည်း ကိုယ်တိုင်မပစ်ဘဲ၊ အခြားသူများကို သတ်စေခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ၁၉၀၂ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ၀ါရှင်တန်ပို့စ်သတင်းစာတွင် ကာတွန်းရေးဆွဲဖော်ပြခဲ့သည်။
ထိုကာတွန်းပုံကိုကြည့်၍ Brooklyn စတိုးဆိုင်ပိုင်ရှင် မောရစ္စမစ်ခ်ျတွန်က ကစားစရာသစ် ၀က်ဝံရုပ်ကို တီထွင်ချုပ်လုပ်ခဲ့သည်။ ထို့နောက် ၀က်ဝံရုပ်များကို Teddy Bear ဟု အမည်ပေး၍ ရောင်းချခဲ့ရာ ချက်ချင်းပင် အောင်မြင်မှုရရှိခဲ့သည်။ မစ်ခ်ျတွန်သည် Ideal Novelty and Toy Co. ကို တည်ထောင်ခဲ့ရာ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
တချိန်တည်းမှာပင် ဂျာမနီနိုင်ငံမှ ရစ်ချက်စတိတ်ဖ်သည်လည်း ၀က်ဝံရုပ်ဒီဇိုင်းတစ်မျိုး တီထွင်ကာ ၁၉၀၃ ခုနှစ်၊ မတ်လက Leizing အရုပ်ပြပွဲတွင် ပါဝင်ပြသခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုသို့ ၀က်ဝံရုပ် ၃၀၀၀ တင်ပို့ရောင်းချခဲ့ရသည်။ ၁၉၀၆ ခုနှစ်တွင် မစ်ခ်ျတွန်နှင့် စတိတ်ဖ်တို့အပြင် အခြားထုတ်လုပ်သူများကလည်း ၀က်ဝံရုပ်များ ချုပ်လုပ်လာကြပြီး ကလေးများသာမက အမျိုးသမီးများပါ နှစ်ခြိုက်စွာ ကိုင်ဆောင်လာကြသည်။ သမ္မတရုစ်ဗဲ့လ်ပင်လျှင် ရွေးကောက်ပွဲ ပြန်လည်ပါဝင်နိုင်ရန် လာဘ်ကောင်အဖြစ် အဆောင်ထားကြောင်း သိရသည်။
ကမ္ဘာ့ပထမဆုံးTeddy Bear ပြတိုက်ကို ၁၉၈၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဟမ်ရှိုင်းယားရှိ Peters field တွင် ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၉၀ ခုနှစ်တွင် နေပယ်၊ ဖလော်ရီဒါနှင့် အမရိကတွင် အလားတူပြတိုက်များ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် ၀က်ဝံရုပ်များအားလုံးကို လေလံတင် ရောင်းချခဲ့ပြီး ပြတိုက်ပိတ်ခဲ့သည်။

No comments: