Thursday, March 19, 2009

ကျွန်မရဲ့အချစ်အကြောင်း

ဒီတခါတော့ အချစ်အကြောင်းနည်းနည်းပြောချင်တယ်။ စက်ရုပ်လို့ ကျွန်မသူငယ်ချင်း တစ်ယောက်က ကျွန်မကို နောက်တတ်လို့ပါ။ သူနောက်နေတာကိုသိပေမယ့် စိတ်ထဲမှာမခံချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မလည်း ခံစားတတ်တဲ့ လူတစ်ယောက်ပဲလေ။ ချစ်တတ်တယ်မုန်းတတ်တယ်။ တခြားသူတွေနဲ့အနည်းအများပဲကွာတယ်။ သူငယ်ချင်းတို့လည်း ဒီပိုစ်ဒ်လေးကိုဖတ်ပြီးရင် ကျွန်မဘယ်လောက် ချစ်တတ်သလဲဆိုတာကို သိသွားကြမယ်လို့ ထင်တယ်လေ။
အချစ်ဆိုတာကိုလူတွေက ကိုယ့်ခံစားရတာနဲ့အညီ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်လို့ ကျွန်မကတော့ယုံကြည်တယ်။ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရတဲ့သူကတော့ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းပေါ့။ စွန့်လွှတ်လိုက်ရတဲ့သူအတွက်ကတော့ စွန့်လွှတ်ခြင်းတဲ့။ တချိုက့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရရင် အချစ်မဟုတ်တော့ဘူးဆိုပဲ ဘာပဲဖြစ်ဖြစ် သူတို့အမြင်နဲ့ သူတို့ကတော့မှန်နေတာပဲလေ။ ကျွန်မတော့ အချစ်ဆိုတာကို အဓိပ္ပါယ်လည်းမဖွင့်တတ်ဘူး။ လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုချစ်သလို ချစ်နေဖို့ပဲလို့ ထင်တယ်။
နောက်တစ်ချက်ပြောဖို့ကျန်ခဲ့တယ်။ ကျွန်မက တခြားအရာတွေမှာသာ မာနမကြီးတာ။ အချစ်နဲ့ပတ်သက်ရင် အရင်ကတည်းက သိပ်မာနကြီးတာ(အခုတော့----)။ သိပ်လည်းလျို့ဝှက်တတ်တယ်(ကာယကံရှင်မသိအောင်)။ ဒါ့ကြောင့် ကျွန်မသူငယ်ချင်းက ကျွန်မကို စက်ရုပ်လို့ပြောတာဖြစ်မယ်။
ကျွန်မလေ သူ နဲ့မတွေ့ခင်အထိ အချစ်ဆိုတာအထင်ကြီးလေးစားမှုလို့ ယူဆခဲ့တယ်။ ကျွန်မရဲ့ချစ်သူဖြစ်ရမယ့်သူမှာ အနည်းဆုံး ကျွန်မအနေနဲ့ အထင်ကြီးလေးစားစရာကောင်းတဲ့အချက်တစ်ချက်ရှိရမယ်ပေါ့။ ကျွန်မက လောဘကြီးတယ်။ ကျွန်မချစ်သူက ကျွန်မထက်ပညာပိုတတ်ရမယ်၊ ထက်မြက်ရမယ်၊ ကျွန်မကို ဦးဆောင်နိုင်ရမယ်၊ စိတ်ထားကအစပေါ့ တော်တော်များများ ကောင်းမွန်ပြည့်စုံတဲ့သူ ဖြစ်ရမယ်လို့ စံနှုန်းတွေထားထားတယ်။ ဒါ့အပြင် ကျွန်မရဲ့ပထမဆုံးချစ်သူက သူ့အနေနဲ့လည်း ကျွန်မက သူ့ရဲ့ပထမဆုံးချစ်သူပဲ ဖြစ်နေရမယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မလည်း ကျွန်မရဲ့ပထမဆုံး ချစ်သူနေရာကို လွယ်လွယ်ဘယ်သူ့ကိုမှ မပေးဘူး။ တကယ်မြတ်နိုးရမယ့်သူမှ ကျွန်မချစ်သူအဖြစ် လက်ခံမယ်ဆိုတဲ့ စိတ်ကူးကြောင့်ပဲ။ သူဆိုတဲ့ သူကိုနာမည်ဝှက်တစ်ခု ပေးလိုက်မယ်။ ပြည့်စုံ လို့။ ထူးခြားတာတစ်ခုကတော့ ပြည့်စုံဆီမှာ ကျွန်မအထင်ကြီး လေးစားလို့ရတဲ့အချက် တချက်မှမရှိတာပဲ။ ဒါပမေယ့် ကျွန်မသူနဲ့တွေ့ရင် ရင်ခုန်တယ်၊ သူ့မျက်ဝန်းလေးတွေကို ငေးကြည့်နေရတာကို နှစ်သက်တယ်။ သူနဲ့အတူ စကားပြောရတဲ့အချိန်တွေကို သာယာမိတယ်။ သူက ကျွန်မရဲ့စံနှုန်းတွေနဲ့ မကိုက်ဘူး။ ပိုဆိုးတာက သူ့မှာရည်းစားရှိခဲ့ဖူးတယ်။ သူ့အကြောင်းတွေ ကျွန်မအကုန်သိတယ်။ သူငယ်ချင်းတွေကပြောတယ် နင်သူ့ကိုသဘောကျလွန်းလို့ နင့်မျက်လုံးတွေ ကန်းကုန်ပြီတဲ့။ ကျွန်မသိနေတာတစ်ခုက ကျွန်မမျက်လုံးတွေဟာ အကောင်းအတိုင်းပါပဲ။ သူ့ကို ချစ်တာက ချစ်တာပဲလေ။ သူ့အပြစ်တွေကို ကျွန်မမြင်တာပေါ့။ သိတာပေါ့။ ကျွန်မ မကြိုက်တဲ့ သူ့အားနည်းချက်တွေကို မိတ်ဆွေတစ်ဦးအနေနဲ့ အနားကနေ ပြုပြင်ပေးဖို့ အမြဲကြိုးစားနေမိတယ်။ ပြည့်စုံနဲ့တွေ့တော့ အချစ်အပေါ် ကျွန်မရဲ့ထင်မြင်ချက်က ပြောင်းသွားတယ်။ အချစ်ဆိုတာ နားလည်မှုပဲလို့ လက်ခံလာတယ်။ ကျွန်မ သူ့ကို ပိုနားလည်လာလေလေ သူ့ကိုပိုမြတ်နိုးမိလေပဲလေ။
ကျွန်မသူ့အပေါ် ချစ်တဲ့အချစ်က ကော်ဖီကို ကျွန်မနှစ်သက်သလိုပဲ။ ကော်ဖီဟာ ကျွန်မလို ရောဂါသည်တစ်ယောက်အတွက် မသင့်တော်ဘူးဆိုတာ ကျွန်မသိတာပေါ့။ အားလုံးက မသောက်ဖို့ဝိုင်းတားမြစ်ကြတယ်။ ဒါပေမယ့် ကျွန်မက ကော်ဖီကို သောက်မြဲသောက်တယ်။ မစွန့်လွှတ်ခဲ့ဘူး။ ဘယ်တော့မှလည်း စွန့်လွှတ်မှာမဟုတ်ဘူးလေ။ ရောဂါရမယ်မှန်းသိရက်နဲ့ ဘာလို့ဇွတ်သောက်နေရတာလဲလို့ အပြစ်တင်ကောင်းအပြစ်တင်ကြလိမ့်မယ်။ ကျွန်မအနေနဲ့ ကော်ဖီသောက်နေရဲ့အချိန်ဟာ အရမ်းကို စိတ်အပန်းပြေတယ်။ ကော်ဖီရဲ့ခါးသက်သက်အရသာကို နှစ်သက်တယ်။ ကော်ဖီသောက်ရင်းအလုပ်လုပ်ရတာ ကျွန်မအတွက် အရမ်းအဓိပ္ပါယ်ရှိတယ်လို့ ကျွန်မထင်တယ်။ အဲဒီလိုပဲ ပြည့်စုံကို မချစ်ဖို့ သူငယ်ချင်းတွေအားလုံးဝိုင်းတားတယ်။ အခြားသူတွေထဲက တစ်ယောက်ယောက်ကို စဉ်းစားဖို့ပဲ တိုက်တွန်းတယ်။ သူတို့ရဲ့စေတနာကို ကျွန်မနားလည်တယ်။ ဒါပေမယ့် အားလုံးရဲ့စကားကို ဖီဆန်ပြီး ပြည့်စုံကို ကျွန်မရဲ့နှလုံးသားထဲမှာ နေရာလေးတစ်နေရာပေးမိတယ်။ အဲဒီနေရာလေးကို သူလိုချင်မှလိုချင်လိမ့်မယ်။ မလိုချင်ရင်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်မက သူ့အတွက် နှလုံးသားထဲမှာ နေရာလေးတစ်ခု သီးသီးသန့်သန့်လေး ပေးထားရတာကိုပဲကျေနပ်တယ်။ တခါတလေ သူ့ရဲ့ အပြုအမူတွေကြောင့် ကျွန်မရင်နာမိပေမယ့် အရာအားလုံးကို နားလည်ခွင့်လွှတ်ပေး ခဲ့တယ်။ သူငယ်ချင်းတွေက မေးတယ် နင့်မှာမာနဆိုတာမရှိတော့ဘူးလားတဲ့။ နင်သဘောကျနေတာကို ပြည့်စုံ သိသွားပြီး နင့်ကို အထင်သေးမှာကိုရော မတွေးမိဘူးလားတဲ့။ ကျွန်မလည်း အရင်တုန်းက အဲဒီလိုတွေ တွေးဖူးတယ်။ ဒါပေမယ့် ကျွန်မအဲဒီလို ဖြည့်ဆည်းပေးနေရတာကိုပဲ ကျေနပ်တယ်။ သူ့ဘက်အမြင်ကို ကျွန်မ မသိချင်ဘူး။ သူ ကျွန်မချစ်နေတာကို သိရင်သိနေမယ်။ မသိရင်လည်းမသိလောက်ဘူး။ မသိချင်ယောင်ဆောင်နေတာလဲဖြစ်နိုင်တယ်။ ဒါသူ့လွတ်လပ်ပိုင်ခွင့်လေ။ တနေ့နေ့မှာ သူက ကျွန်မ မဟုတ်တဲ့အခြားမိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိသွားပြီး လက်ထပ်သွားမယ်ဆိုရင်လည်း သူ့ရဲ့အခင်မင်ဆုံး မိတ်ဆွေတစ်ဦးအဖြစ် ပြုံးပြုံးလေးပဲ သူ့အတွက် ကျွန်မ အကောင်းဆုံးဖြည့်ဆည်းပေးသွားမှာပါ။ ကျွန်မရင်ထဲက နေရာလေးတစ်ခုကိုတော့ ကွက်လပ်လေးအဖြစ်ပဲ တသက်လုံးထားရှိလိုက်တော့မယ်လေ။ ကျွန်မရဲ့သူ့အပေါ်ထားရှိတဲ့အချစ်ဟာ ချစ်နေတာပါပဲ။ မပိုင်ဆိုင်ရလည်း ပြုံးပြုံးလေးပဲ ကျွန်မဆက်ချစ်သွားမှာပါ။
ကဲ------------ သူငယ်ချင်းတို့ ဒါတွေကတော့ကျွန်မစိတ်ကူးယဉ်ထားတဲ့ အချစ်အကြောင်းပဲ။ အဲဒီလို လူတစ်ယောက်ကို ကျွန်မချစ်မိရင်ကောင်းမယ်နော်။ ကျွန်မရဲ့အချစ်အပေါ်အမြင်ကိုရော သူငယ်ချင်းတို့က ဘယ်လိုမြင်လဲ။ ကျွန်မက စက်ရုပ်မလေး တစ်ရုပ်နဲ့တူနေသေးလား။ ကျွန်မကို ဘယ်လိုအကြံညဏ်တွေပေးမလဲဆိုတာ မျှော်နေမယ်နော်။

Saturday, February 28, 2009

ဒီပုံကတော့ ဖြူစင်သူရဲ့ အလေးစားရဆုံး၊ စံပြအဖြစ်ဆုံး၊ အချစ်ဆုံး ဖေဖေ့ပုံလေ





ဖေဖေမွေးနေ့မှသည် နောင်နှစ်ပေါင်း၁၀၀ ကျော်တိုင်အောင် ပျော်ရွှင်၊ ကျန်းမာ၊ ချမ်းသာစွာနဲ့နေထိုင်နိုင်ပြီး မေမေရယ်၊ မောင်လေးနဲ့ သမီးကို ပိုချစ်နိုင်ပါစေ။


ဒါက ဖြူစင်သူလေ အရမ်းပျော်နေတာ။







ဖြူစင်သူ့ဖေဖေ မွေးနေ့မှာနှစ်တိုင်းလိုလို ကလေးတွေကို ဆန်ပြုတ်တိုက်တယ်လေ။ ဒါပေမယ့် လူကြီးတွေလည်းလာသောက်ကြပါတယ်။ ဒီနှစ်လည်းအရင်နှစ်တွေလိုပဲ ဆန်ပြုတ်တိုက်တယ်
ကလေးတွေကို ဆန်ပြုတ်တိုက်ရတာလောက်ပျော်စရာကောင်းတာမရှိပါဘူး။ သူတို့က ဟန်ဆောင်မှုကင်းတယ်လေ။ အားပါးတရ သောက်နေကြတာကိုကြည့်ရင်းအရမ်းပီတိဖြစ်မိတယ်လေ။ သူငယ်ချင်းတို့လည်း သူတို့လေးတွေ ဆန်ပြုတ်သောက်နေတာကို ကြည့်ရင်း ကြည်နူးရအောင်လို့ ဓာတ်ပုံလေးတွေကို တင်ထားတယ်နော်။

Saturday, February 14, 2009

စက်ရုပ်နှင့် ဖေဖော်ဝါရီ ၁၄


သူငယ်ချင်းတစ်ယောက်ကပြောတယ်
ငါက စက်ရုပ်တစ်ရုပ်တဲ့
မဟုတ်ဘူးလို့သက်သေပြဖို့ ငါကြိုးစားခဲ့တယ်
မှတ်မှတ်ရရဖြစ်အောင် ဖေဖော်ဝါရီ၁၄ ရက်နေ့မှာ
လူတစ်ယောက်ကိုအဖြေပေးမယ်လို့စိတ်ကူးနဲ့ပေါ့
ဒါပေမယ့်..............
ငါမအောင်မြင်ခဲ့ဘူး
သူ့မျက်နှာကိုငါကြည့်ရင်း
.........ဆိုတဲ့ စကားလုံး၂ လုံးတည်းကို
ပြောဖို့အတွက် ငါ့နှုတ်ခမ်းတွေက ပွင့်မလာခဲ့ဘူး
စိတ်ထဲမှာလည်း ဗလာဗလာဗလာ
နောက်ဆုံးတော့ ငါသူ့ကိုပြောဖြစ်ခဲ့တာက
ကော်ဖီတိုက်တာကျေးဇူးပါပဲနော်တဲ့လေ................
သူလိုချင်တဲအဖြေမဟုတ်လို့ စိတ်ပျက်သွားတဲ့သူ့ကို
အားနာပါတယ်လေ
သူဆက်မေးတဲ့အခါ ကျွန်မပြန်ပြောမိတာက
တောင်းပန်ပါတယ် ကျွန်မစက်ရုပ်တစ်ရုပ်ဖြစ်နေပြီထင်တယ်
သူကြောင်ပြီး ကျန်နေခဲ့တယ်

Friday, January 9, 2009

သင့်ဘက်ပါအောင် ဆွဲဆောင်နည်း (၁၂)နည်း

တစ်ဖက်သားကို မိမိဘက်သို့ပါအောင် ဆွဲဆောင်နိုင်ရန်အတွက် အကောင်းဆုံးသော နည်းများမှာ-
၁။ ငြင်းခုံခြင်းကို ရှောင်ရှားပါ။
၂။ တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ ၊ လူတစ်ဦးတစ်ယောက်အား မှားသည်ဟု ဘယ်သောအခါမျှ မပြောလေနှင့် ။
၃။ အကယ်၍သင်သည် မှားခဲ့ပါလျှင် ထို့အမှားကို လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ၀န်ခံပါ။
၎။ ချိုချိုသာသာနှင့် စပါ။
၅။ တစ်ဖက်သား အလျင်အမြန် "အင်း" လိုက်အောင် ကြိုးစားပါ။
၆။ တစ်ဖက်သားကို သူပြောချင်တာ "၀"အောင်ပြောပါစေ။
၇။ တစ်ဖက်သားအားပေးအပ်သောအကြံသည် သူ၏အကြံ သာဖြစ်သည်ဟု အထင်ရောက်ပါစေ။
၈။တစ်ဖက်သားဘက်မှနေအရာ၍ခမ်းသိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်းနှင့် ကြိုးစားပါ။
၉။ တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့နှင့် စပ်လျဉ်း၍ကိုယ်ချင်းစာတတ်ပါစေ။
၁၀။ မြင့်မြတ်သော စိတ်ဓာတ်ကို မထိခိုက်အောင် လုပ်ပေးပါ။
၁၁။ သင်၏ အကြံအစည်များဖြင့် တစ်ဖက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။
၁၂။ သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါ။



ဒေးလ်ကာနက်ဂျီ

(ကျန်တဲ့သူငယ်ချင်းများသိစေရန် အတွက် -ရှမ်းမင်းမင်းလေး)

Thursday, January 8, 2009

တောင်းဆု





ငါသိပါတယ်
မင်းဂရုစိုက်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုလျစ်လျူမရှုဖို့ ပြောပါရစေ

ငါသိပါတယ်
မင်းချစ်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမုန်းဖို့တော့ ပြောပါရစေ

ငါသိပါတယ်
မင်းသတိရတတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမေ့ဖို့တော့ ပြောပါရစေ


ငါသိပါတယ်
အရာရာတိုင်းဟာ ငါ့အတွက်ပါ
ဒါပေမယ့်
ငါအတွက်နင်ရှိနေပါလို့ ပြောပါရစေ

ငါသိပါတယ်
ငါ့စေတနာတွေ နင်မြင်နိင်မှန်း
ဒါပေမယ့်
ငါ့နှလုံးသားထဲကဝေဒနာတွေကို ကုစားပေးဖို့ ပြောပါရစေ

ငါသိပါတယ်
ငါ့တောင်းဆုတွေပြည့်နေမှန်း
ဒါပေမယ့်
တောင်းတဲ့ဆုနဲ့ပြည့်ပါစေလို့ ပြောပါရစေ

ရေးသားသူ- အဖိုးကြီး