Showing posts with label religion. Show all posts
Showing posts with label religion. Show all posts

Thursday, December 27, 2007

ဆရာတော် အရှင်ဆန္ဒာဓိက၏ ဓမ္မနှင်းပွင့်များ

"စိတ်ခံကောင်းမှ စိတ်ကောင်းခံမယ်"

မိတ္တူစာရွက် အရည်အသွေးကောင်းမှ
မိတ္တူပုံရိပ် ပိုမိုထင်ရှားသလို
စိတ်အခံ ဖြူဖွေးသန့်စင်မှ
ဓာတ်ကူးစက်မှု ပိုမိုထင်ရှားနိုင်ပါတယ်။
စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက်
စိတ်ကောင်း နှလုံးကောင်းလည်းမွေး
လေ၀င်တိုင်း လေထွက်တိုင်း
နှာသီးဝမှာ လေထိသွားတဲ့သဘောကိုလည်း
မကြာခဏ သတိကပ်ရှုမှတ်ပြီး
ကိုယ့်စိတ်ကိုယ် ဖွပ်လျှော်ပေးသင့်ပါတယ်။


"ကိုယ်ကျင့်တရားသည် အရေးကြီးဆုံးလူ့သိက္ခာ''

လူတစ်ယောက်ဟာ ပင်ကိုရုပ်အဆင်း
ဘယ်လောက်ချောချော
ကိုယ်ကျင့်တရား မကောင်းရင်
လုံးဝ ကျက်သရေမရှိပါဘူး။
ပင်ကိုရုပ်မလှပေမယ့် ကိုယ်ကျင့်တရားကောင်းရင်
ကျက်သရေရှိပါတယ်။
လူတစ်ယောက်ရဲ့ ဂုဏ်သတင်းပျံ့မွှေးမှုကို
ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်တာ
ကိုယ်ကျင့်တရားရနံတစ်ခုပဲ ရှိပါတယ်။
ကိုယ်ကျင့်တရား ခိုင်မြဲနေသမျှ
ဂုဏ်သိက္ခာအားလုံး ခိုင်မြဲနေဦးမှာပါပဲ။
ကိုယ်ကျင့်တရား ပျက်စီးရင်တော့
ရှိသမျှဂုဏ်အားလုံး ပျက်စီးသွားပါပြီ။


"စိတ်ဖြူစင်မှ ကုသိုလ်အစစ်"

စိတ်ကိုဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ခေါ်ပါတယ်။
စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့်
မိမိရဲ့စိတ် ဖြူစင်သန့်ရှင်းသွားတယ်ဆိုရင်
အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ဟာ
ကုသိုလ်ပါပဲ။
မျက်မြင်အရ ကုသိုလ်အလုပ်
လုပ်နေပေမယ့် အတွင်းစိတ်ထဲမှာ
ဖြူစင်သန့်ရှင်းမှု ဖြစ်ပေါ်မနေရင်
အဲဒီအလုပ်လုပ်နေစဉ်မှာ
ဘာကုသိုလ်မှ မရပါဘူး။
မျက်မြင်အရ စီးပွားရေးအလုပ်
လုပ်နေပေမယ့် ဖြူစင်သန့်ရှင်းတဲ့
အတွင်းစိတ်နဲ့ လုပ်နေရင်
အဲဒီအလုပ်လုပ်နေစဉ်မှာ
ကုသိုလ်ရနေပါတယ်။