အေကျူ့ဆိုတဲ့ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းလေးက ကျွန်မကို သိပ်ချစ်ဆိုပဲ။ ဒါ့ကြောင့် သူ့လိုပဲ ၂၀၀၉ခုနှစ်မှတ်တမ်းလေးရေးပါဆိုပြီး ကျွန်မဘလော့ကို tag လေရဲ့။ ဒင်းလေးကလေ ဒါမျိုးဆိုရင်တော့ ချစ်တတ်သားနော်။ ဟင်းဟင်း --- ဒင်းလေးရဲ့ချစ်ခင်မှုတွေကြောင့် ကျွန်မခေါင်းတွေခြောက်ခဲ့ရပါတယ်။ ကျွန်မရဲ့ ၂၀၀၉ခုနှစ်မှတ်တမ်းလေး ရေးမယ်ဆိုတော့ ကျွန်မ ဇန်န၀ါရီလကစပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားရပါကောလား။ မေ့တတ်လွန်းတဲ့ကျွန်မ စဉ်းစားလို့မရလေ အေကျူ့ကို မေတ္တာပို့လေပါပဲ။ ပါးစပ်ကလည်း ဒင်းတော့လား မနက်ဖန်ကျရင် ငါနဲ့အတွေ့ပဲလို့ ပြောမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ညနက်လာလေလေ မှေးစင်းလာတဲ့ ကျွန်မရဲ့မျက်ဝန်းနက်နက်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ငိုချင်စိတ်ကို တင်းလို့မှတ်တမ်းလေးကို ပြီးအောင် လက်စသတ်နေရပါတယ်။ ဒီနေ့မပြီးလို့မဖြစ်တော့ဘူးလေ ဒင်းလေးက ကျွန်မကို tag လုပ်ထားတာ ၂၉ ရက်နေ့ ဆိုတော့ ၃၀ ရက်နေ့ကျွန်မတင်နိုင်မှ ကျွန်မလဲ ဒင်းလေးလို တခြားကျွန်မချစ်တဲ့သူတွေကို ဒုက္ခပေး အဲလေ မှားလို့ သူတို့ရဲ့အမှတ်တရလေးတွေကို ရေးအောင် tag လုပ်လို့ရမယ်မှတ်လား။ ဒီလို စိတ်နဲ့ အားထည့်ပြီး ဇွဲနပဲနဲ့ရေးလိုက်တာ အခုလို မှတ်တမ်းအကျဉ်းချုပ်လေး ထွက်လာပါရောလား----------------------
ဇန်န၀ါရီလ
ဒီလလေးက သူငယ်ချင်းအရမ်းမင်တဲ့ ကျွန်မအတွက် ပျော်စရာကောင်းတဲ့လလို့ မဆိုနိုင်ဘူးရှင့်။ ဘာလို့လဲဆိုတော့ ကျွန်မချစ်ခင်ရတဲ့ သူငယ်ချင်းတော်တော်များများက သူတို့အနာဂတ် ရည်မှန်းချက်တွေ အတွက် ကျွန်မကိုထားပြီး နယ်မြေခြားကို သွားရောက်ကြတယ်လေ။ ကျွန်မကတော့ ရှိတဲ့သူငယ်ချင်းတွေနဲ့ ရုံးက အကိုတွေအမတွေနဲ့ ပျော်ရင်း ရုံးအလုပ်တွေလုပ်ရင်း သူတို့ကို သတိရရင်းပေါ့။ အဲဒါအပြင် ကျွန်မရဲ့ မဟာသုတေသန စာတမ်းရဲ့ အခန်း(၁)မပြီးလို့ ကျွန်မရဲ့ supervisor ကို မျက်နှာချိုသွေးခဲ့ရတဲ့ လလေးပေါ့။ အ၀င်မကောင်းပါလား ၂၀၀၉ ရေလို့တောင် တပြီးငိုမတတ် စိတ်ညစ်ခဲ့တာပေါ့လေ။ စတွေ့ပြီ ၂၀၀၉ ရေ-----
ဖေဖော်ဝါရီလ
အင်း ကြွားရဦးမယ် ဒီလအတွင်းမှာ ကျွန်မလက်ဆောင် ၂ခုရလိုက်တယ်။ ၀က်ဝံအမွေးပွရုပ်ကလေးနဲ့ ပလပ်စတစ်ကြက်ဖရုပ်ကြီးပါပဲ။ အထင်ကြီးနဲ့နော် သူငယ်ချင်း၂ယောက်က ပေးတာပါ။ အဲဒီ့ထဲက တစ်ယောက်ကတော့........... အဖေ့မွေးနေ့ ၂၁ ရက်နေ့မှာ အကျီလက်ဆောင်ဝယ်ကန်တော့ခဲ့တယ်။ ကျွန်မရဲ့စာတမ်း အခန်း(၁)ကို ဖတ်ရမယ်တဲ့။ တခြားသူတွေဆို အခန်း (၂)ကို ရေးနေချိန်မှာ အရင်က အပျင်းထူခဲ့တဲ့ကျွန်မ ဒုက္ခနဲ့ လှလှနဲ့တွေ့တော့တာပေါ့။ ရုံးက အလုပ်တွေကလည်းပုံပြီး စိတ်ရော လူရောပင်ပန်းလိုက်တာ။ အဲဒီလိုပင်ပန်းတာကျွန်မတင်မကဘူး ကျွန်မရဲ့ supervisor နဲ့ အနွံနာခံတတ်တဲ့သူငယ်ချင်းမ ၂ယောက်အပါအ၀င်ပေါ့။ မနက်ပိုင်းကို UNDP မှာ စာအုပ်တွေသွားငှား၊ နေ့ခင်းပိုင်းကို ရုံးမှာ ရုံးအလုပ်လုပ် supervisor ဆီကို ညနေပိုင်းသွားတွေ့ပြီး အရင်နေ့က ရေးထားတာလေး သွားပြနဲ့ပေါ့။ ကားမှတ်တိုင်နဲ့ အလှမ်းဝေးတဲ့ supervisor အဆောင်ကိုသွားတိုင်းလိုက်ပေးပြီး လှိုင်သာယာအပြန်ကားကြပ်ကြပ်ကို မညည်မညူ လိုက်စီးပေးတဲ့ သူငယ်ချင်း ၂ယောက်ကိုလည်း ကျေးဇူးတင်ရင်းပေါ့လေ။ လကုန်ခါနီးလောက်မှာ စာတမ်းဖတ်တော့ စိတ်ပူထားသလောက် အခက်အခဲနဲ့ မတွေ့ပဲ အဆင်ပြေသွားလို့ အသက်ရှုချောင်သွားခဲ့ရပါတယ်။ SUCCESS မှာ အင်္ဂလိပ်စာသင်တန်းစတက်တယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်တာမဟုတ်ဘူးနော်။ အထင်မကြီးနဲ့ အိမ်က ပေးလို့တက်ဖြစ်တာ။
မတ်လ
ကျွန်မအဆစ်အမြစ်တွေကိုက်ပြီး မောမောနေလို့ သွေးသွားစစ်ရတယ်။ လေးဘက်နာဖြစ်နေတယ်တဲ့။ ဆေးတွေသောက်ရတယ်။ အရမ်းမေ့တတ်တဲ့ကျွန်မ ဆေးမသောက်မိတဲ့ရက်တွေရှိတာပေါ့။ ဒါပေမယ့် ဆေးသောက်ဖို့ အချိန်မှန်မှန် သတိပေးမယ့်သူတစ်ယောက်ပေါ်လာတယ်။ စကြွားပြီနော်။ ကျွန်မစာရှာမတွေ့တဲ့အခါ၊ ရုံးမှာအဆင်မပြေလို့ စိတ်ညစ်တဲ့အခါ သူက အားပေးတယ်။ supervisor ဆီသွားတဲ့အခါမှာ သူငယ်ချင်း ၂ယောက်မအားတဲ့အခါမှာ သူက လိုက်ပေးတယ်။ ဒါပေမယ့် သူက သူ့သူငယ်ချင်း(၂)ယောက်နဲ့ကျွန်မကို အောင်သွယ်ပေးနေတယ်။ စိတ်ထဲမှာ ကြည်နူးမှုတ၀က် ဒေါသထွက်မှု တ၀က်နဲ့ပေါ့။
ဧပြီလ
ကျွန်မရဲ့စာတမ်းအခန်း(၂) ဖတ်ရတယ်။ အဆင်ပြေပြေပဲပြီးသွားတယ်။ အခန်း(၁) နဲ့ (၂) ကို ပြန်အချောသတ်ရတယ်။ သင်္ကြန်ပိတ်ရက်မှာ ပိတောက်ပန်းလာပေးမယ့်သူမျှော်လိုက်တာ မျှော်တဲ့သူက ပေါ်မလာတော့ ၂၀၀၉သင်္ကြန်ဟာ ဘယ်သူ့ကိုမှရေမလောင်းလိုက်ရပဲ ပြီးဆုံးသွားခဲ့ပါတယ်။ နှစ်ဆန်း ၁ ရက်နေ့မှာတော့ supervisor က ထောက်ကြန့်ကို ပြန်သွားတဲ့အတွက် အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူဆိုတဲ့သူငယ်ချင်းကို အကူအညီတောင်းပြီးတော့ အတူတူသွားဖြစ်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်သူနဲ့မှ အောင်သွယ်မပေးတော့ဘူးဆရာ့။ ကျွန်မရဲ့ supervisorနေမကောင်းလို့ ကျွန်မစာတွေကို ဖတ်မပေးနိုင်ဘူး။ စာတမ်းအတွက် ကျွန်မအရမ်း စိုးရိမ်ခဲ့ရပြန်ပါတယ်။ မေလမှာ မန္တလေးမှာကျင်းပမယ့် လူငယ်ယဉ်ကျေးမှုနှင့် တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲမှာ ပါးစပ်ဟောင်းလောင်း မဖြစ်ရေးအတွက် စာတွေရှာရပြန်ရော။ အတူတူသွားမယ့် တခြားဌာနက သူငယ်ချင်း ၂ယောက်နဲ့တွေ့။ အာလူးးဖုတ်ကြနဲ့ပေါ့။ ဒီိလိုနဲ့ လူငယ်ယဉ်ကျေးမှုနှင့် တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို တပတ်သွားတက်တယ်။ ပျော်စရာ၊ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အတွေ့အကြုံအသစ်တွေရလိုက်တာ။ တော်တော် အကျိုးရှိတဲ့လလို့ဆိုရမယ်။
မေလ
ဒီလလေးက ကျွန်မဘ၀မှာ ပျော်ရွှင်မှုအပေးနိုင်ဆုံးလလေးပါပဲ။ ပျော်ဆို ကျွန်မရဲ့ကျောပေါ်မှာ ၁၀လလောက် လေးလံနေတဲ့ စာတမ်းဆိုတဲ့ အထုပ်ကြီးကို အောင်မြင်စွာ ဖယ်ချနိုင်တဲလဖြစ်တဲ့အပြင် သူဆိုတဲ့ ကျွန်မရဲ့ငယ်သူငယ်ချင်းနဲ့ ချစ်သူတွေဖြစ်သွားကြတယ်လေ။ လောကကြီးမှာ မြင်မြင်သမျှက အရမ်းလှလွန်းတဲ့လလေးပေါ့။ ဒန်တန့်ဒန်................. ကျွန်မအလှတွေအရမ်းပြင်လာလိုက်တာ အဖေမသိ အောင် ဆံပင်ကို မရှိမဲ့ရှိမဲ့ပိုက်ဆံ တစ်သောင်းနှစ်ထောင်ပေးပြီးကောက်ပစ်လိုက်တာပဲ ကဲ မှတ်ကရော ပိုက်ဆံကုန်ပါတယ်ဆိုကာမှ အလိုက်ကန်းဆိုးမသိတဲ့ မောင်လေးက စကောဖိနပ်စီးချင်တယ်ဆိုလို့ သူ့မွေးနေ့မှာ စုဘူးကိုဖောက်ပြီး ၀ယ်ပေးလိုက်ရသေးတယ်။ နောက်ထပ် ကုန်လရော့ နှစ်သောင်း..............
ဇွန်လ
ဒီလက ဘာမှထွေထွေထူးထူးမရှိပါဘူး။ စာတမ်းကိစ္စပြီးတော့ အောင်စာရင်းထွက်ဖို့ လိုက်လုပ်ရတယ်။ ရုံးအလုပ်တွေလုပ်ရင်းနဲ့ပဲအချိန်ကုန်သွားတယ်။ ဘကြိုင် ဘိုင်ကျလျက်ပေါ့။
ဇူလိုင်လ
နှစ်တိုင်း တနှစ်လုံးမှာ ဒီလလေးကို ကျွန်မ သဘောအကျဆုံးပဲ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ချစ်မေမေက ကျွန်မကို မွေးဖွားပေးခဲ့တဲ့လလေးဖြစ်လို့ပါပဲ။ ဒါပေမယ့် ဒီမွေးနေ့မှာစိတ်မကောင်းဖြစ်ခဲ့ရတယ်။ သူငယ်ချင်းတွေမစုံလို့။ မောင်လေးက စကောဖိနပ်ပြန်လက်ဆောင်ဝယ်ပေးခဲတယ်။ ပျော်တာပေါ့နော်။ လက်ဆောင်တွေတော့ အားကြီးရခဲ့တယ်။ ဒါပေမယ့် လက်ဆောင်ရခဲ့တဲ့ အ၀တ်အစားတစ်စုံကိုတော့ အနှစ်သက်ဆုံးပဲ။ ရူးးးးးးးးးးးးး တိုးတိုးနော်။ ရုံးက မမတွေသိရင် ခေါင်းခေါက်မှာ။ ဒီလမှာ ရှိတဲ့ ပိုက်ဆံတွေတော်တော်ပြောင်သွားပြီး အမေ့ဆီမှာ အကြွေးတင်သွားတယ်။
သြဂုတ်လ
ရုံးတက်လိုက် ရုံးအလုပ်လေးလုပ်လိုက်။ ပိတ်ရက်လေးတွေမှာ နားတဲ့ရက်နားလိုက်နဲ့ သိပ်မထူးခြားတဲ့လလေးပါပဲ။ သင်တန်းလည်း ဘာသင်တန်းမှမတက်နိုင်ပါဘူး။ ပိုက်ပိုက်မှမရှိပဲလေ။ အိမ်ကလည်း ထားမပေးတော့ဘူးလေ။ အကြွေးတောင်မဆပ်နိုင်တာလေ။
စက်တင်ဘာလ
သြဂုတ်လနဲ့ သိပ်မကွာနဲ့လလေးပါပဲ။ ပိုက်ဆံတွေတော့ တအားစုခဲ့ရတယ်။ ကဗျာတွေလည်းရေးတယ်။ ၀ထ္ထုတိုလေးတွေလည်းရေးတယ်။ ခံစားတတ်လာပြီးကိုး။
အောက်တိုဘာလ
ဒီလ ၄ ရက်နေ့က ချစ်မေမေရဲ့ မွေးနေ့လေ။ အမေ့ကို ကျွန်မဘွဲ့ယူတဲ့အခါ ပွဲတက်ရင်ဝတ်ဖို့အတွက် ၀မ်းဆက်တစ်စုံဝယ်ပေးခဲ့တယ်။ အိုပါးလို့ ကျွန်မခေါ်တဲ့ အရမ်းခင်ရတဲ့အစ်ကိုတစ်ယောက်ရဲ့မွေးနေ့က ၁၀ ရက်နေ့။ အိုပါးကို ဒုက္ခပေးလိုက်တာ တော်တော်ကုန်သွားတယ်။ သူများကလှည့်ဆို အမှန်အကန်စားတာ ကျွန်မပဲလေ။ ဒါမျိုးဆို ပျော်မှပျော်ပဲ။
နိုဝင်ဘာလ
ဒီလက ကျွန်မ ရုံးအလုပ်နည်းနည်းရှုပ်တယ်။ ရုံးက ဖွင့်တဲ့ သင်တန်း ၂ခုတက်လိုက်ရသေးတယ်။ တခြားဘာမှထွေထွေထူးထူးမရှိဘူး။ ဒါပမေယ့် ချစ်သူနဲ့လည်း နားလည်မှုခဏခဏလွဲခဲ့တဲ့လလေးပေါ့။ ကျွန်မဘာသာ ကျွန်မ နားလည်မှုလွဲနေတာ။ သူက ဘာမှမသိဘူး။ :P
ဒီဇင်ဘာလ
ရုံးက ဖွင့်တဲ့သင်တန်းတစ်ခု တက်လိုက်ရတယ်။ စိတ်မ၀င်စားတဲ့သင်တန်းပါ။ ဒါပေမယ့် အဆင်ပြေပြေနဲ့ပဲ သင်တန်းပြီးသွားခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ကျွန်မရဲ့ အမွန်မြတ်ဆုံးအလှူတစ်ခုကို လုပ်နိုင်ခဲ့တယ်။ အဲ့ဒါက ကျွန်မ သွေးလှူဖြစ်ခဲ့တယ်။ အရမ်းကြည်နူးပီတိဖြစ်ခဲ့ရတယ်။ ကြည်နူးစရာအကြောင်းအရင်းကလည်းရှိတာကိုး။ ချစ်သူနဲ့ကတော့ ဒီလိုပါပဲ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့။ နှစ်ကုန်တော့မယ်ဆိုတော့ ကိုယ့်ဘာသာကိုယ်ပြန်စမ်းစစ်ပြီး အားမလိုအားမရဖြစ်ပြီး နှစ်သစ်မှာ ဘာတွေလုပ်မယ်ဆိုပြီး စီမံကိန်းတွေ ချနေမိတယ်။ လုပ်ဖြစ်မလုပ်ဖြစ်ကတော့ မသေချာဘူးပေါ့။ လက်ရှိအလုပ်ကိုလုပ်နေရင်း ၀င်ငွေရအောင် ဘာလုပ်ရင်ကောင်းမလဲလို့တွေးနေမိတယ်။ ပြီးတော့ နှစ်သစ်ကူးတဲ့ညမှာ သူငယ်ချင်းတွေနဲ့ ဘယ်လိုပျော်ရမလဲလို့လည်း တွေးနေမိသေး။ သြော် ဘာလိုလိုနဲ့နှစ်သစ်ကိုရောက်ဖို့ ၄၅ နာရီပဲလိုတော့တာပဲ။
ဒီလိုနဲ့ပဲ ကျွန်မရဲ့ မကောင်းတဲ့မှတ်ညဏ်ကို ဖြစ်ညှစ်ထုတ်ပြီး ၂၀၀၉ မှတ်တမ်းလေးေ၇းပြီးခဲ့ပါတယ်။ စာရေးအပြီးမှာ ကျွန်မသတိအရဆုံးက အေကျူ့ဆိုတဲ့ ကျေးဇူးရှင်လေးကိုပါ။ ကိုယ်ရေးထားတာလေးကို ပြန်ဖတ်ရင်း ဒင်းလေးကိုလည်း ကျေးဇူးတင်မိသား။ ဒင်းလေးကြောင့် ၂၀၀၉ မှတ်တမ်းလေး ရေးဖြစ်သွားတာကိုး။။။။။။။။။။အင်းးးးးးးးးး တဆက်တည်းမှာပဲ ဘယ်သူတွေကို ထပ်ပြီး tag လုပ်ရမလဲလို့ တွေးနေမိပါတော့တယ်။ ကဲ------------- tag လိုက်ပြီ ငါဟဲ့ ဖြူစင်သူ
မကောင်းသူထိပ် ကောင်းသူထိပ်..........
၁။ မသီရိ
၂။ ကြေးကြေး
၃။ ဖူးပွင့်
၎။ မီးမီး
၅။ ခိုင်ခိုင်
၆။ ဇင်မင်းဆွေ
၇။ မမသဇင်
Wednesday, December 30, 2009
၂၀၀၉ခုနှစ်မှတ်တမ်း
Posted by phyusinthu at 9:35 AM 6 comments
Thursday, December 17, 2009
ချိုမြိန်ဒုက္ခ
ကော်ဖီကိုအရမ်းကြိုက်တဲ့ငါ
ကော်ဖီရဲ့ဆိုးကျိုးကို သိတဲ့ငါ
ဒီ့ထက်ပိုမစွဲလမ်းသင့်တာသိတဲ့ငါ
ဖြတ်ဖို့ကြိုးစားရင်းကြိုးစားရင်း
ဆက်သောက်မြဲသောက်ရင်းသောက်ရင်း
ကော်ဖီကြောင့်ရတဲ့ဒုက္ခတွေ တပွေ့တပိုက်
ပြုံးလိုက်ပျော်လိုက် နာကျင်လိုက်ကြေကွဲလိုက်
ဆက်သောက်မယ်ရည်ရွယ်ရင်း
နောက်ဆုံးတစ်ကျိုက် ငါမျိုချလိုက်တယ်
ကော်ဖီရဲ့အခါးဒဏ်ကပျင်းလွန်းလို့
ရင်ထဲကလက်မခံ ပြန်အန်ထွက်တာကို
နင်အပြစ်မမြင်ပါနဲ့
ကော်ဖီကရတဲ့ဝေဒနာတွေကို
ငါ့နှလုံးသားက လက်ခံပေမယ့်
ငါ့အစာအိမ်က လက်မခံနိုင်တော့ဘူးလေ
Labels: coffee
Posted by phyusinthu at 12:50 PM 0 comments
Thursday, August 13, 2009
မောင်မမြင်နိုင်တဲ့ကျွန်မချစ်ခြင်း
မိန်းမတစ်ယောက်ရဲ့ချစ်ခြင်းက ယောင်္ကျားတစ်ယောက်ရဲ့ချစ်ခြင်းထက် ပိုများတယ်ဆိုတာကို ကျွန်မရဲ့ပတ်ဝန်းကျင်မှာ ခဏခဏမြင်တွေ့ခဲ့ပေမယ့် ကျွန်မကိုယ်တိုင် အဲဒီ့လောက်အထိ လူတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးထားမိခဲ့ဘူး။ ကျွန်မဆိုတဲ့မိန်းမက ကိုယ့်ကို ဂရုတစိုက်ရှိတာကိုပဲ လိုချင်တာလေ။ ကျွန်မကိုယ်တိုင်ကလည်း ကျွန်မချစ်တဲ့သူတွေကို ဂရုတစိုက်ရတာ နှစ်သက်တယ်။ ကျွန်မရဲ့ မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့သူငယ်ချင်းတွေက ကျွန်မကို ဂရုစိုက်ခဲ့ကြတယ်။ မောင်ဆိုတဲ့ ကျွန်မချစ်သူကလွဲရင်ပေါ့………………………
မောင်နဲ့ကျွန်မက ငယ်သူငယ်ချင်းတွေပေါ့။ မောင့်ကို ကျွန်မက အရင်ဆုံးစချစ်ခဲ့တာပါ။ မောင်က သူ့ကောင်မလေးနဲ့ပြတ်သွားပြီး ၂လခွဲ အကြာမှာ ကျွန်မကို ချစ်တယ်လို့ဖွင့်ပြောတယ်။ ကျွန်မကလည်း မောင့်ကို ချစ်တယ်လို့အဖြေပြန်ပေးပြီး မောင်က ကျွန်မရဲ့ ရည်းစားဦးနဲ့ အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တယ်လေ။ ကျွန်မသူငယ်ချင်းတွေအားလုံး အံ့သြလောက်အောင်ကို ကျွန်မမောင့်ကို ချစ်ခဲ့တယ်လေ။ သူငယ်ချင်းတွေက ပြောတယ် နင်အရမ်းချစ်မပြနဲ့တဲ့။ နင်ကိုသူက အနိုင်ယူလိမ့်မယ်တဲ့။ အဲဒီလိုပြောခဲ့ကြပေမယ့် မောင့်ကြောင့် ကျွန်မရဲ့ အရင်တုန်းက ရှိခဲ့တဲ့ မာနတွေ၊ အပြုအမူတွေ၊ စိတ်ထားတွေ အကုန် ပြောင်းလဲသွားခဲ့တယ်။ မောင်လည်း အတော်အသင့်ပြောင်းလဲခဲ့တယ်လို့ ကျွန်မထင်ခဲ့ပြီး အရမ်းကို ပျော်ရွှင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မအမြင်တွေမှားခဲ့တယ်လို့ ပြောရမယ်။ မောင်က ကျွန်မကို အရမ်းချစ်တယ်လို့ ကျွန်မထင်ခဲ့တာတွေအားလုံးဟာ မောင့်ရဲ့ စကားတစ်ခွန်းနဲ့ ပျက်ပြယ်သွားခဲ့တယ်လေ။ အဲဒီ့စကားကို မောင်က လွယ်လွယ်ပဲပြောထွက်ခဲ့တာကို ကျွန်မအရမ်းလည်း အံ့အားသင့်ခဲ့ရသလို ရင်လည်းနာခဲ့တယ်။ အချော့ခံချင်လို့ စိတ်ကောက်ပြနေတဲ့ ချစ်သူတစ်ယောက်ကို အဲဒီလို စကားမျိုး ပြောထွက်ရက်တဲ့ မောင့်ကိုလည်း ကျွန်မမုန်းချင်ပေမယ့် မုန်းလို့မရခဲ့ပါဘူး။ မောင်က ကျွန်မကိုပြောဖူးတယ်။ စိတ်မဆိုးစိတ်မကောက်နဲ့တဲ့ သူက မချော့တတ်ဘူးတဲ့။ ဒါ့ကြောင့် ကျွန်မတွေးမိတယ် စိတ်ကောက်မိတဲ့ ကျွန်မအမှားပါပဲလို့လေ။ တစ်ဦးကို တစ်ဦးချစ်မိတဲ့အခါ သူတို့ဆီမှာရှိတဲ့ မာနတွေဟာ လျော့ပါးသွားမယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း မာနဆိုတာ သိပ်မရှိတော့တာကြောင့် မောင်လည်း ကျွန်မလိုပဲလို့ထင်မြင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မထင်တာတွေအားလုံးလွဲနေခဲ့တယ်လေ။ မောင်က သူ့မာနကိုလုံးဝမလျော့ခဲ့ပါဘူး။
ကျွန်မမောင့်ကို အရမ်းချစ်တာ မောင်သိလားမသိလားတော့ ကျွန်မ မတွေးတတ်တော့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ရုံးက အစ်မတွေကတော့ ကောင်းကောင်းသိတယ်။ သူတို့ကြောင့်ပဲ မောင်နဲ့ကျွန်မ ချစ်သူတွေဘ၀ကို ပြန်ရောက်ခဲ့ရတယ်။ ကွဲအက်သွားတဲ့ ဖန်ခွက်တစ်ခွက်ကို ဘယ်လိုပြန်ဆက်ဆက် အက်ကြောင်းကတော့ ရှိနေတယ်ဆိုတာ အရမ်းမှန်တယ်။ အခုနောက်ပိုင်း မောင့်ကို ကျွန်မမြင်ရရင် အလိုလိုငိုချင်မိတယ်။ နှစ်ယောက်အတူတူထိုင်နေပေမယ့် မောင့်စိတ်က ကျွန်မဆီမှာ ရှိမနေခဲ့ဘူးလေ။ အရင်တုန်းက ရခဲ့တဲ့ ဂရုစိုက်မှု အနည်းငယ်ဟာလည်း ပျောက်ကွယ်ကုန်ပါရော။ ကျွန်မအရမ်းကိုခံစားရတယ်။ ဒါတွေကို မောင်က သိမှာလည်း ဟုတ်သလို ခံစားတတ်မှာလည်းမဟုတ်ပါဘူး။ မောင်ကပြောတယ် “နင်ဖြစ်ချင်တာကိုပြောပြပေါ့တဲ့ မပြောရင်ဘယ်လိုလုပ်ငါကသိမှာလဲတဲ့” ကျွန်မ မောင့်ရှေ့မှာ မျက်ရည်မကျမိအောင် ထိန်းထားပြီး ပြုံးပြုံးလေးနေနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်မ သူ့ရှေ့မှငိုလည်း သူက ချော့မှာမဟုတ်ဘူးဆိုတာသိနေလို့လေ။ ကျွန်မသူငယ်ချင်းက ပြောတယ် နင့်အစားငါစိတ်အရမ်းပင်ပန်းတယ်တဲ့။ ကျွန်မကတော့ အဲဒါတွေကို ချိုမြိန်တဲ့ ဒုကတွေပဲလို့ ခံယူထားပါတယ်။ ကျွန်မမောင့်ကို လွယ်လွယ်နဲ့ စွန့်လွှတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မောင်က ကျွန်မကို လုံးဝမချစ်တော့ဘူးလို့ ပြောလာခဲ့ရင်တောင် ကျွန်မမောင့်ကို ………………………….၊
Posted by phyusinthu at 2:46 PM 0 comments
Thursday, March 19, 2009
ကျွန်မရဲ့အချစ်အကြောင်း
ဒီတခါတော့ အချစ်အကြောင်းနည်းနည်းပြောချင်တယ်။ စက်ရုပ်လို့ ကျွန်မသူငယ်ချင်း တစ်ယောက်က ကျွန်မကို နောက်တတ်လို့ပါ။ သူနောက်နေတာကိုသိပေမယ့် စိတ်ထဲမှာမခံချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မလည်း ခံစားတတ်တဲ့ လူတစ်ယောက်ပဲလေ။ ချစ်တတ်တယ်မုန်းတတ်တယ်။ တခြားသူတွေနဲ့အနည်းအများပဲကွာတယ်။ သူငယ်ချင်းတို့လည်း ဒီပိုစ်ဒ်လေးကိုဖတ်ပြီးရင် ကျွန်မဘယ်လောက် ချစ်တတ်သလဲဆိုတာကို သိသွားကြမယ်လို့ ထင်တယ်လေ။
အချစ်ဆိုတာကိုလူတွေက ကိုယ့်ခံစားရတာနဲ့အညီ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်လို့ ကျွန်မကတော့ယုံကြည်တယ်။ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရတဲ့သူကတော့ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းပေါ့။ စွန့်လွှတ်လိုက်ရတဲ့သူအတွက်ကတော့ စွန့်လွှတ်ခြင်းတဲ့။ တချိုက့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရရင် အချစ်မဟုတ်တော့ဘူးဆိုပဲ ဘာပဲဖြစ်ဖြစ် သူတို့အမြင်နဲ့ သူတို့ကတော့မှန်နေတာပဲလေ။ ကျွန်မတော့ အချစ်ဆိုတာကို အဓိပ္ပါယ်လည်းမဖွင့်တတ်ဘူး။ လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုချစ်သလို ချစ်နေဖို့ပဲလို့ ထင်တယ်။
နောက်တစ်ချက်ပြောဖို့ကျန်ခဲ့တယ်။ ကျွန်မက တခြားအရာတွေမှာသာ မာနမကြီးတာ။ အချစ်နဲ့ပတ်သက်ရင် အရင်ကတည်းက သိပ်မာနကြီးတာ(အခုတော့----)။ သိပ်လည်းလျို့ဝှက်တတ်တယ်(ကာယကံရှင်မသိအောင်)။ ဒါ့ကြောင့် ကျွန်မသူငယ်ချင်းက ကျွန်မကို စက်ရုပ်လို့ပြောတာဖြစ်မယ်။
ကျွန်မလေ သူ နဲ့မတွေ့ခင်အထိ အချစ်ဆိုတာအထင်ကြီးလေးစားမှုလို့ ယူဆခဲ့တယ်။ ကျွန်မရဲ့ချစ်သူဖြစ်ရမယ့်သူမှာ အနည်းဆုံး ကျွန်မအနေနဲ့ အထင်ကြီးလေးစားစရာကောင်းတဲ့အချက်တစ်ချက်ရှိရမယ်ပေါ့။ ကျွန်မက လောဘကြီးတယ်။ ကျွန်မချစ်သူက ကျွန်မထက်ပညာပိုတတ်ရမယ်၊ ထက်မြက်ရမယ်၊ ကျွန်မကို ဦးဆောင်နိုင်ရမယ်၊ စိတ်ထားကအစပေါ့ တော်တော်များများ ကောင်းမွန်ပြည့်စုံတဲ့သူ ဖြစ်ရမယ်လို့ စံနှုန်းတွေထားထားတယ်။ ဒါ့အပြင် ကျွန်မရဲ့ပထမဆုံးချစ်သူက သူ့အနေနဲ့လည်း ကျွန်မက သူ့ရဲ့ပထမဆုံးချစ်သူပဲ ဖြစ်နေရမယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မလည်း ကျွန်မရဲ့ပထမဆုံး ချစ်သူနေရာကို လွယ်လွယ်ဘယ်သူ့ကိုမှ မပေးဘူး။ တကယ်မြတ်နိုးရမယ့်သူမှ ကျွန်မချစ်သူအဖြစ် လက်ခံမယ်ဆိုတဲ့ စိတ်ကူးကြောင့်ပဲ။ သူဆိုတဲ့ သူကိုနာမည်ဝှက်တစ်ခု ပေးလိုက်မယ်။ ပြည့်စုံ လို့။ ထူးခြားတာတစ်ခုကတော့ ပြည့်စုံဆီမှာ ကျွန်မအထင်ကြီး လေးစားလို့ရတဲ့အချက် တချက်မှမရှိတာပဲ။ ဒါပမေယ့် ကျွန်မသူနဲ့တွေ့ရင် ရင်ခုန်တယ်၊ သူ့မျက်ဝန်းလေးတွေကို ငေးကြည့်နေရတာကို နှစ်သက်တယ်။ သူနဲ့အတူ စကားပြောရတဲ့အချိန်တွေကို သာယာမိတယ်။ သူက ကျွန်မရဲ့စံနှုန်းတွေနဲ့ မကိုက်ဘူး။ ပိုဆိုးတာက သူ့မှာရည်းစားရှိခဲ့ဖူးတယ်။ သူ့အကြောင်းတွေ ကျွန်မအကုန်သိတယ်။ သူငယ်ချင်းတွေကပြောတယ် နင်သူ့ကိုသဘောကျလွန်းလို့ နင့်မျက်လုံးတွေ ကန်းကုန်ပြီတဲ့။ ကျွန်မသိနေတာတစ်ခုက ကျွန်မမျက်လုံးတွေဟာ အကောင်းအတိုင်းပါပဲ။ သူ့ကို ချစ်တာက ချစ်တာပဲလေ။ သူ့အပြစ်တွေကို ကျွန်မမြင်တာပေါ့။ သိတာပေါ့။ ကျွန်မ မကြိုက်တဲ့ သူ့အားနည်းချက်တွေကို မိတ်ဆွေတစ်ဦးအနေနဲ့ အနားကနေ ပြုပြင်ပေးဖို့ အမြဲကြိုးစားနေမိတယ်။ ပြည့်စုံနဲ့တွေ့တော့ အချစ်အပေါ် ကျွန်မရဲ့ထင်မြင်ချက်က ပြောင်းသွားတယ်။ အချစ်ဆိုတာ နားလည်မှုပဲလို့ လက်ခံလာတယ်။ ကျွန်မ သူ့ကို ပိုနားလည်လာလေလေ သူ့ကိုပိုမြတ်နိုးမိလေပဲလေ။
ကျွန်မသူ့အပေါ် ချစ်တဲ့အချစ်က ကော်ဖီကို ကျွန်မနှစ်သက်သလိုပဲ။ ကော်ဖီဟာ ကျွန်မလို ရောဂါသည်တစ်ယောက်အတွက် မသင့်တော်ဘူးဆိုတာ ကျွန်မသိတာပေါ့။ အားလုံးက မသောက်ဖို့ဝိုင်းတားမြစ်ကြတယ်။ ဒါပေမယ့် ကျွန်မက ကော်ဖီကို သောက်မြဲသောက်တယ်။ မစွန့်လွှတ်ခဲ့ဘူး။ ဘယ်တော့မှလည်း စွန့်လွှတ်မှာမဟုတ်ဘူးလေ။ ရောဂါရမယ်မှန်းသိရက်နဲ့ ဘာလို့ဇွတ်သောက်နေရတာလဲလို့ အပြစ်တင်ကောင်းအပြစ်တင်ကြလိမ့်မယ်။ ကျွန်မအနေနဲ့ ကော်ဖီသောက်နေရဲ့အချိန်ဟာ အရမ်းကို စိတ်အပန်းပြေတယ်။ ကော်ဖီရဲ့ခါးသက်သက်အရသာကို နှစ်သက်တယ်။ ကော်ဖီသောက်ရင်းအလုပ်လုပ်ရတာ ကျွန်မအတွက် အရမ်းအဓိပ္ပါယ်ရှိတယ်လို့ ကျွန်မထင်တယ်။ အဲဒီလိုပဲ ပြည့်စုံကို မချစ်ဖို့ သူငယ်ချင်းတွေအားလုံးဝိုင်းတားတယ်။ အခြားသူတွေထဲက တစ်ယောက်ယောက်ကို စဉ်းစားဖို့ပဲ တိုက်တွန်းတယ်။ သူတို့ရဲ့စေတနာကို ကျွန်မနားလည်တယ်။ ဒါပေမယ့် အားလုံးရဲ့စကားကို ဖီဆန်ပြီး ပြည့်စုံကို ကျွန်မရဲ့နှလုံးသားထဲမှာ နေရာလေးတစ်နေရာပေးမိတယ်။ အဲဒီနေရာလေးကို သူလိုချင်မှလိုချင်လိမ့်မယ်။ မလိုချင်ရင်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်မက သူ့အတွက် နှလုံးသားထဲမှာ နေရာလေးတစ်ခု သီးသီးသန့်သန့်လေး ပေးထားရတာကိုပဲကျေနပ်တယ်။ တခါတလေ သူ့ရဲ့ အပြုအမူတွေကြောင့် ကျွန်မရင်နာမိပေမယ့် အရာအားလုံးကို နားလည်ခွင့်လွှတ်ပေး ခဲ့တယ်။ သူငယ်ချင်းတွေက မေးတယ် နင့်မှာမာနဆိုတာမရှိတော့ဘူးလားတဲ့။ နင်သဘောကျနေတာကို ပြည့်စုံ သိသွားပြီး နင့်ကို အထင်သေးမှာကိုရော မတွေးမိဘူးလားတဲ့။ ကျွန်မလည်း အရင်တုန်းက အဲဒီလိုတွေ တွေးဖူးတယ်။ ဒါပေမယ့် ကျွန်မအဲဒီလို ဖြည့်ဆည်းပေးနေရတာကိုပဲ ကျေနပ်တယ်။ သူ့ဘက်အမြင်ကို ကျွန်မ မသိချင်ဘူး။ သူ ကျွန်မချစ်နေတာကို သိရင်သိနေမယ်။ မသိရင်လည်းမသိလောက်ဘူး။ မသိချင်ယောင်ဆောင်နေတာလဲဖြစ်နိုင်တယ်။ ဒါသူ့လွတ်လပ်ပိုင်ခွင့်လေ။ တနေ့နေ့မှာ သူက ကျွန်မ မဟုတ်တဲ့အခြားမိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိသွားပြီး လက်ထပ်သွားမယ်ဆိုရင်လည်း သူ့ရဲ့အခင်မင်ဆုံး မိတ်ဆွေတစ်ဦးအဖြစ် ပြုံးပြုံးလေးပဲ သူ့အတွက် ကျွန်မ အကောင်းဆုံးဖြည့်ဆည်းပေးသွားမှာပါ။ ကျွန်မရင်ထဲက နေရာလေးတစ်ခုကိုတော့ ကွက်လပ်လေးအဖြစ်ပဲ တသက်လုံးထားရှိလိုက်တော့မယ်လေ။ ကျွန်မရဲ့သူ့အပေါ်ထားရှိတဲ့အချစ်ဟာ ချစ်နေတာပါပဲ။ မပိုင်ဆိုင်ရလည်း ပြုံးပြုံးလေးပဲ ကျွန်မဆက်ချစ်သွားမှာပါ။
ကဲ------------ သူငယ်ချင်းတို့ ဒါတွေကတော့ကျွန်မစိတ်ကူးယဉ်ထားတဲ့ အချစ်အကြောင်းပဲ။ အဲဒီလို လူတစ်ယောက်ကို ကျွန်မချစ်မိရင်ကောင်းမယ်နော်။ ကျွန်မရဲ့အချစ်အပေါ်အမြင်ကိုရော သူငယ်ချင်းတို့က ဘယ်လိုမြင်လဲ။ ကျွန်မက စက်ရုပ်မလေး တစ်ရုပ်နဲ့တူနေသေးလား။ ကျွန်မကို ဘယ်လိုအကြံညဏ်တွေပေးမလဲဆိုတာ မျှော်နေမယ်နော်။
Posted by phyusinthu at 9:34 AM 0 comments
Saturday, February 28, 2009
ဒီပုံကတော့ ဖြူစင်သူရဲ့ အလေးစားရဆုံး၊ စံပြအဖြစ်ဆုံး၊ အချစ်ဆုံး ဖေဖေ့ပုံလေ
ဖေဖေမွေးနေ့မှသည် နောင်နှစ်ပေါင်း၁၀၀ ကျော်တိုင်အောင် ပျော်ရွှင်၊ ကျန်းမာ၊ ချမ်းသာစွာနဲ့နေထိုင်နိုင်ပြီး မေမေရယ်၊ မောင်လေးနဲ့ သမီးကို ပိုချစ်နိုင်ပါစေ။
Posted by phyusinthu at 10:14 AM 0 comments
ဖြူစင်သူ့ဖေဖေ မွေးနေ့မှာနှစ်တိုင်းလိုလို ကလေးတွေကို ဆန်ပြုတ်တိုက်တယ်လေ။ ဒါပေမယ့် လူကြီးတွေလည်းလာသောက်ကြပါတယ်။ ဒီနှစ်လည်းအရင်နှစ်တွေလိုပဲ ဆန်ပြုတ်တိုက်တယ်
ကလေးတွေကို ဆန်ပြုတ်တိုက်ရတာလောက်ပျော်စရာကောင်းတာမရှိပါဘူး။ သူတို့က ဟန်ဆောင်မှုကင်းတယ်လေ။ အားပါးတရ သောက်နေကြတာကိုကြည့်ရင်းအရမ်းပီတိဖြစ်မိတယ်လေ။ သူငယ်ချင်းတို့လည်း သူတို့လေးတွေ ဆန်ပြုတ်သောက်နေတာကို ကြည့်ရင်း ကြည်နူးရအောင်လို့ ဓာတ်ပုံလေးတွေကို တင်ထားတယ်နော်။
Posted by phyusinthu at 10:00 AM 1 comments
Saturday, February 14, 2009
စက်ရုပ်နှင့် ဖေဖော်ဝါရီ ၁၄
သူငယ်ချင်းတစ်ယောက်ကပြောတယ်
ငါက စက်ရုပ်တစ်ရုပ်တဲ့
မဟုတ်ဘူးလို့သက်သေပြဖို့ ငါကြိုးစားခဲ့တယ်
မှတ်မှတ်ရရဖြစ်အောင် ဖေဖော်ဝါရီ၁၄ ရက်နေ့မှာ
လူတစ်ယောက်ကိုအဖြေပေးမယ်လို့စိတ်ကူးနဲ့ပေါ့
ဒါပေမယ့်..............
ငါမအောင်မြင်ခဲ့ဘူး
သူ့မျက်နှာကိုငါကြည့်ရင်း
.........ဆိုတဲ့ စကားလုံး၂ လုံးတည်းကို
ပြောဖို့အတွက် ငါ့နှုတ်ခမ်းတွေက ပွင့်မလာခဲ့ဘူး
စိတ်ထဲမှာလည်း ဗလာဗလာဗလာ
နောက်ဆုံးတော့ ငါသူ့ကိုပြောဖြစ်ခဲ့တာက
ကော်ဖီတိုက်တာကျေးဇူးပါပဲနော်တဲ့လေ................
သူလိုချင်တဲအဖြေမဟုတ်လို့ စိတ်ပျက်သွားတဲ့သူ့ကို
အားနာပါတယ်လေ
သူဆက်မေးတဲ့အခါ ကျွန်မပြန်ပြောမိတာက
တောင်းပန်ပါတယ် ကျွန်မစက်ရုပ်တစ်ရုပ်ဖြစ်နေပြီထင်တယ်
သူကြောင်ပြီး ကျန်နေခဲ့တယ်
Posted by phyusinthu at 2:12 PM 1 comments
Friday, January 9, 2009
သင့်ဘက်ပါအောင် ဆွဲဆောင်နည်း (၁၂)နည်း
တစ်ဖက်သားကို မိမိဘက်သို့ပါအောင် ဆွဲဆောင်နိုင်ရန်အတွက် အကောင်းဆုံးသော နည်းများမှာ-
၁။ ငြင်းခုံခြင်းကို ရှောင်ရှားပါ။
၂။ တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ ၊ လူတစ်ဦးတစ်ယောက်အား မှားသည်ဟု ဘယ်သောအခါမျှ မပြောလေနှင့် ။
၃။ အကယ်၍သင်သည် မှားခဲ့ပါလျှင် ထို့အမှားကို လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ၀န်ခံပါ။
၎။ ချိုချိုသာသာနှင့် စပါ။
၅။ တစ်ဖက်သား အလျင်အမြန် "အင်း" လိုက်အောင် ကြိုးစားပါ။
၆။ တစ်ဖက်သားကို သူပြောချင်တာ "၀"အောင်ပြောပါစေ။
၇။ တစ်ဖက်သားအားပေးအပ်သောအကြံသည် သူ၏အကြံ သာဖြစ်သည်ဟု အထင်ရောက်ပါစေ။
၈။တစ်ဖက်သားဘက်မှနေအရာ၍ခမ်းသိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်းနှင့် ကြိုးစားပါ။
၉။ တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့နှင့် စပ်လျဉ်း၍ကိုယ်ချင်းစာတတ်ပါစေ။
၁၀။ မြင့်မြတ်သော စိတ်ဓာတ်ကို မထိခိုက်အောင် လုပ်ပေးပါ။
၁၁။ သင်၏ အကြံအစည်များဖြင့် တစ်ဖက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။
၁၂။ သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါ။
ဒေးလ်ကာနက်ဂျီ
(ကျန်တဲ့သူငယ်ချင်းများသိစေရန် အတွက် -ရှမ်းမင်းမင်းလေး)
Labels: relations
Posted by phyusinthu at 10:01 AM 1 comments
Thursday, January 8, 2009
တောင်းဆု
ငါသိပါတယ်
မင်းဂရုစိုက်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုလျစ်လျူမရှုဖို့ ပြောပါရစေ
ငါသိပါတယ်
မင်းချစ်တတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမုန်းဖို့တော့ ပြောပါရစေ
ငါသိပါတယ်
မင်းသတိရတတ်မှန်း
ဒါပေမယ့်
ငါ့ကိုမမေ့ဖို့တော့ ပြောပါရစေ
ငါသိပါတယ်
အရာရာတိုင်းဟာ ငါ့အတွက်ပါ
ဒါပေမယ့်
ငါအတွက်နင်ရှိနေပါလို့ ပြောပါရစေ
ငါသိပါတယ်
ငါ့စေတနာတွေ နင်မြင်နိင်မှန်း
ဒါပေမယ့်
ငါ့နှလုံးသားထဲကဝေဒနာတွေကို ကုစားပေးဖို့ ပြောပါရစေ
ငါသိပါတယ်
ငါ့တောင်းဆုတွေပြည့်နေမှန်း
ဒါပေမယ့်
တောင်းတဲ့ဆုနဲ့ပြည့်ပါစေလို့ ပြောပါရစေ
ရေးသားသူ- အဖိုးကြီး
Labels: poem
Posted by phyusinthu at 3:03 PM 0 comments