Friday, January 22, 2010
Friday, January 8, 2010
သန်းခေါင်ယံလွမ်းချင်း

အေးမြတဲ့အထိအတွေ့သဲ့သဲ့လေး
ပါးပြင်ထက်မှာ ယှက်ပြေးသွားတယ်
အလိုလိုလှစ်ဟသွားတဲ့ အသိတရားနောက်မှာ
နင့်ကိုလွမ်းဆွတ်မှုလည်း ကပ်ပါလာလေရဲ့။
မိုးစက်လား နှင်းစက်လားလို့ သေချာမသိလည်း
စည်းချက်မှန်မှန်ကျဆင်းသံလေးတွေကြားမှာ
ပျော်မိတာတော့အမှန်ပါ။
ပေါ့ပျက်တဲ့စကားလုံးကြား တွေဝေခဲ့လည်း
သံသယပေါင်းများစွာနဲ့ နင့်အချစ်ပေါ်
ယစ်မူးနေခဲ့မိတာလည်း အသေအချာ။
Posted by phyusinthu at 4:09 PM 2 comments
ကော်ဖီတမ်းချင်း

အရမ်းချစ်ရတဲ့ကောင်လေးရေ
နင့်အချစ်တွေကို ကော်ဖီတစ်ခွက်နဲ့ တင်စားမယ်ဆို
ငါကတော့ကော်ဖီကိုစွဲလမ်းတဲ့ကောင်မလေးပေါ့
နွေးထွေးတဲ့ကော်ဖီကို ငါနှစ်သက်တယ်
ချိုမြိန်ခါးသက်တဲ့ခံစားမှုတွေကို ငါခုံမင်တယ်
တချိန်ကနင့်အချစ်တွေက ငါ့ရင်ကိုနွေးထွေးစေခဲ့တာကိုး
အချိန်တိုက်စားလို့ အေးစက်လာတဲ့အခါ
ချိုမြိန်တဲ့သာယာမှုတွေကွယ်ပျောက်လို့
အေးစက်တဲ့ခါးသက်မှုတွေကြောင့် တုန်လှုပ်မိလည်း
မစွန့်လွှတ်နိုင်သရွှေ့တော့
အေးစက်တဲ့နင့်အချစ်တွေကို နွေးထွေးတဲ့ငါ့အချစ်နဲ့
ရောစပ်လို့ ခါးသက်သက်ကော်ဖီကို
စွဲလမ်းလို့နေဦးမယ်။
Labels: coffee, love, my sweetheart
Posted by phyusinthu at 3:58 PM 2 comments
ငါမှားလား

ဆောင်းမနက်မှာဖွဲဖွဲကျလို့
နှင်းမိုးလို့သတ်မှတ်တာ
ငါမှားလား။
တဖွဲဖွဲကျနေတဲ့
နှင်းမိုးသံကို နားစွင့်ရင်းနင့်ကိုလွမ်းမိတာ
ငါမှားလား။
ငါနဲ့ထပ်တူတိုက်ဆိုင်တဲ့အလွမ်း
နင့်မှာမရှိဘူးလို့ ငါထင်မိတာ
ငါမှားလား
နင့်အတွက်အမှတ်တမဲ့ဖြစ်တဲ့
ငါတို့ရဲ့အမှတ်တရတွေကို သတိရမိနေတာ
ငါမှားလား။
ကြည်နူးဖို့ကောင်းတဲ့ ဆောင်းမနက်ခင်းမှာ
ကော်ဖီတခွက် ငါချစ်တဲ့နင်နဲ့
အတူတူရှိနေချင်တာ
ငါမှားလား။
Labels: am i wrong, poem
Posted by phyusinthu at 3:52 PM 1 comments
Wednesday, December 30, 2009
၂၀၀၉ခုနှစ်မှတ်တမ်း
အေကျူ့ဆိုတဲ့ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းလေးက ကျွန်မကို သိပ်ချစ်ဆိုပဲ။ ဒါ့ကြောင့် သူ့လိုပဲ ၂၀၀၉ခုနှစ်မှတ်တမ်းလေးရေးပါဆိုပြီး ကျွန်မဘလော့ကို tag လေရဲ့။ ဒင်းလေးကလေ ဒါမျိုးဆိုရင်တော့ ချစ်တတ်သားနော်။ ဟင်းဟင်း --- ဒင်းလေးရဲ့ချစ်ခင်မှုတွေကြောင့် ကျွန်မခေါင်းတွေခြောက်ခဲ့ရပါတယ်။ ကျွန်မရဲ့ ၂၀၀၉ခုနှစ်မှတ်တမ်းလေး ရေးမယ်ဆိုတော့ ကျွန်မ ဇန်န၀ါရီလကစပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားရပါကောလား။ မေ့တတ်လွန်းတဲ့ကျွန်မ စဉ်းစားလို့မရလေ အေကျူ့ကို မေတ္တာပို့လေပါပဲ။ ပါးစပ်ကလည်း ဒင်းတော့လား မနက်ဖန်ကျရင် ငါနဲ့အတွေ့ပဲလို့ ပြောမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ညနက်လာလေလေ မှေးစင်းလာတဲ့ ကျွန်မရဲ့မျက်ဝန်းနက်နက်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ငိုချင်စိတ်ကို တင်းလို့မှတ်တမ်းလေးကို ပြီးအောင် လက်စသတ်နေရပါတယ်။ ဒီနေ့မပြီးလို့မဖြစ်တော့ဘူးလေ ဒင်းလေးက ကျွန်မကို tag လုပ်ထားတာ ၂၉ ရက်နေ့ ဆိုတော့ ၃၀ ရက်နေ့ကျွန်မတင်နိုင်မှ ကျွန်မလဲ ဒင်းလေးလို တခြားကျွန်မချစ်တဲ့သူတွေကို ဒုက္ခပေး အဲလေ မှားလို့ သူတို့ရဲ့အမှတ်တရလေးတွေကို ရေးအောင် tag လုပ်လို့ရမယ်မှတ်လား။ ဒီလို စိတ်နဲ့ အားထည့်ပြီး ဇွဲနပဲနဲ့ရေးလိုက်တာ အခုလို မှတ်တမ်းအကျဉ်းချုပ်လေး ထွက်လာပါရောလား----------------------
ဇန်န၀ါရီလ
ဒီလလေးက သူငယ်ချင်းအရမ်းမင်တဲ့ ကျွန်မအတွက် ပျော်စရာကောင်းတဲ့လလို့ မဆိုနိုင်ဘူးရှင့်။ ဘာလို့လဲဆိုတော့ ကျွန်မချစ်ခင်ရတဲ့ သူငယ်ချင်းတော်တော်များများက သူတို့အနာဂတ် ရည်မှန်းချက်တွေ အတွက် ကျွန်မကိုထားပြီး နယ်မြေခြားကို သွားရောက်ကြတယ်လေ။ ကျွန်မကတော့ ရှိတဲ့သူငယ်ချင်းတွေနဲ့ ရုံးက အကိုတွေအမတွေနဲ့ ပျော်ရင်း ရုံးအလုပ်တွေလုပ်ရင်း သူတို့ကို သတိရရင်းပေါ့။ အဲဒါအပြင် ကျွန်မရဲ့ မဟာသုတေသန စာတမ်းရဲ့ အခန်း(၁)မပြီးလို့ ကျွန်မရဲ့ supervisor ကို မျက်နှာချိုသွေးခဲ့ရတဲ့ လလေးပေါ့။ အ၀င်မကောင်းပါလား ၂၀၀၉ ရေလို့တောင် တပြီးငိုမတတ် စိတ်ညစ်ခဲ့တာပေါ့လေ။ စတွေ့ပြီ ၂၀၀၉ ရေ-----
ဖေဖော်ဝါရီလ
အင်း ကြွားရဦးမယ် ဒီလအတွင်းမှာ ကျွန်မလက်ဆောင် ၂ခုရလိုက်တယ်။ ၀က်ဝံအမွေးပွရုပ်ကလေးနဲ့ ပလပ်စတစ်ကြက်ဖရုပ်ကြီးပါပဲ။ အထင်ကြီးနဲ့နော် သူငယ်ချင်း၂ယောက်က ပေးတာပါ။ အဲဒီ့ထဲက တစ်ယောက်ကတော့........... အဖေ့မွေးနေ့ ၂၁ ရက်နေ့မှာ အကျီလက်ဆောင်ဝယ်ကန်တော့ခဲ့တယ်။ ကျွန်မရဲ့စာတမ်း အခန်း(၁)ကို ဖတ်ရမယ်တဲ့။ တခြားသူတွေဆို အခန်း (၂)ကို ရေးနေချိန်မှာ အရင်က အပျင်းထူခဲ့တဲ့ကျွန်မ ဒုက္ခနဲ့ လှလှနဲ့တွေ့တော့တာပေါ့။ ရုံးက အလုပ်တွေကလည်းပုံပြီး စိတ်ရော လူရောပင်ပန်းလိုက်တာ။ အဲဒီလိုပင်ပန်းတာကျွန်မတင်မကဘူး ကျွန်မရဲ့ supervisor နဲ့ အနွံနာခံတတ်တဲ့သူငယ်ချင်းမ ၂ယောက်အပါအ၀င်ပေါ့။ မနက်ပိုင်းကို UNDP မှာ စာအုပ်တွေသွားငှား၊ နေ့ခင်းပိုင်းကို ရုံးမှာ ရုံးအလုပ်လုပ် supervisor ဆီကို ညနေပိုင်းသွားတွေ့ပြီး အရင်နေ့က ရေးထားတာလေး သွားပြနဲ့ပေါ့။ ကားမှတ်တိုင်နဲ့ အလှမ်းဝေးတဲ့ supervisor အဆောင်ကိုသွားတိုင်းလိုက်ပေးပြီး လှိုင်သာယာအပြန်ကားကြပ်ကြပ်ကို မညည်မညူ လိုက်စီးပေးတဲ့ သူငယ်ချင်း ၂ယောက်ကိုလည်း ကျေးဇူးတင်ရင်းပေါ့လေ။ လကုန်ခါနီးလောက်မှာ စာတမ်းဖတ်တော့ စိတ်ပူထားသလောက် အခက်အခဲနဲ့ မတွေ့ပဲ အဆင်ပြေသွားလို့ အသက်ရှုချောင်သွားခဲ့ရပါတယ်။ SUCCESS မှာ အင်္ဂလိပ်စာသင်တန်းစတက်တယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်တာမဟုတ်ဘူးနော်။ အထင်မကြီးနဲ့ အိမ်က ပေးလို့တက်ဖြစ်တာ။
မတ်လ
ကျွန်မအဆစ်အမြစ်တွေကိုက်ပြီး မောမောနေလို့ သွေးသွားစစ်ရတယ်။ လေးဘက်နာဖြစ်နေတယ်တဲ့။ ဆေးတွေသောက်ရတယ်။ အရမ်းမေ့တတ်တဲ့ကျွန်မ ဆေးမသောက်မိတဲ့ရက်တွေရှိတာပေါ့။ ဒါပေမယ့် ဆေးသောက်ဖို့ အချိန်မှန်မှန် သတိပေးမယ့်သူတစ်ယောက်ပေါ်လာတယ်။ စကြွားပြီနော်။ ကျွန်မစာရှာမတွေ့တဲ့အခါ၊ ရုံးမှာအဆင်မပြေလို့ စိတ်ညစ်တဲ့အခါ သူက အားပေးတယ်။ supervisor ဆီသွားတဲ့အခါမှာ သူငယ်ချင်း ၂ယောက်မအားတဲ့အခါမှာ သူက လိုက်ပေးတယ်။ ဒါပေမယ့် သူက သူ့သူငယ်ချင်း(၂)ယောက်နဲ့ကျွန်မကို အောင်သွယ်ပေးနေတယ်။ စိတ်ထဲမှာ ကြည်နူးမှုတ၀က် ဒေါသထွက်မှု တ၀က်နဲ့ပေါ့။
ဧပြီလ
ကျွန်မရဲ့စာတမ်းအခန်း(၂) ဖတ်ရတယ်။ အဆင်ပြေပြေပဲပြီးသွားတယ်။ အခန်း(၁) နဲ့ (၂) ကို ပြန်အချောသတ်ရတယ်။ သင်္ကြန်ပိတ်ရက်မှာ ပိတောက်ပန်းလာပေးမယ့်သူမျှော်လိုက်တာ မျှော်တဲ့သူက ပေါ်မလာတော့ ၂၀၀၉သင်္ကြန်ဟာ ဘယ်သူ့ကိုမှရေမလောင်းလိုက်ရပဲ ပြီးဆုံးသွားခဲ့ပါတယ်။ နှစ်ဆန်း ၁ ရက်နေ့မှာတော့ supervisor က ထောက်ကြန့်ကို ပြန်သွားတဲ့အတွက် အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူဆိုတဲ့သူငယ်ချင်းကို အကူအညီတောင်းပြီးတော့ အတူတူသွားဖြစ်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်သူနဲ့မှ အောင်သွယ်မပေးတော့ဘူးဆရာ့။ ကျွန်မရဲ့ supervisorနေမကောင်းလို့ ကျွန်မစာတွေကို ဖတ်မပေးနိုင်ဘူး။ စာတမ်းအတွက် ကျွန်မအရမ်း စိုးရိမ်ခဲ့ရပြန်ပါတယ်။ မေလမှာ မန္တလေးမှာကျင်းပမယ့် လူငယ်ယဉ်ကျေးမှုနှင့် တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲမှာ ပါးစပ်ဟောင်းလောင်း မဖြစ်ရေးအတွက် စာတွေရှာရပြန်ရော။ အတူတူသွားမယ့် တခြားဌာနက သူငယ်ချင်း ၂ယောက်နဲ့တွေ့။ အာလူးးဖုတ်ကြနဲ့ပေါ့။ ဒီိလိုနဲ့ လူငယ်ယဉ်ကျေးမှုနှင့် တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို တပတ်သွားတက်တယ်။ ပျော်စရာ၊ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အတွေ့အကြုံအသစ်တွေရလိုက်တာ။ တော်တော် အကျိုးရှိတဲ့လလို့ဆိုရမယ်။
မေလ
ဒီလလေးက ကျွန်မဘ၀မှာ ပျော်ရွှင်မှုအပေးနိုင်ဆုံးလလေးပါပဲ။ ပျော်ဆို ကျွန်မရဲ့ကျောပေါ်မှာ ၁၀လလောက် လေးလံနေတဲ့ စာတမ်းဆိုတဲ့ အထုပ်ကြီးကို အောင်မြင်စွာ ဖယ်ချနိုင်တဲလဖြစ်တဲ့အပြင် သူဆိုတဲ့ ကျွန်မရဲ့ငယ်သူငယ်ချင်းနဲ့ ချစ်သူတွေဖြစ်သွားကြတယ်လေ။ လောကကြီးမှာ မြင်မြင်သမျှက အရမ်းလှလွန်းတဲ့လလေးပေါ့။ ဒန်တန့်ဒန်................. ကျွန်မအလှတွေအရမ်းပြင်လာလိုက်တာ အဖေမသိ အောင် ဆံပင်ကို မရှိမဲ့ရှိမဲ့ပိုက်ဆံ တစ်သောင်းနှစ်ထောင်ပေးပြီးကောက်ပစ်လိုက်တာပဲ ကဲ မှတ်ကရော ပိုက်ဆံကုန်ပါတယ်ဆိုကာမှ အလိုက်ကန်းဆိုးမသိတဲ့ မောင်လေးက စကောဖိနပ်စီးချင်တယ်ဆိုလို့ သူ့မွေးနေ့မှာ စုဘူးကိုဖောက်ပြီး ၀ယ်ပေးလိုက်ရသေးတယ်။ နောက်ထပ် ကုန်လရော့ နှစ်သောင်း..............
ဇွန်လ
ဒီလက ဘာမှထွေထွေထူးထူးမရှိပါဘူး။ စာတမ်းကိစ္စပြီးတော့ အောင်စာရင်းထွက်ဖို့ လိုက်လုပ်ရတယ်။ ရုံးအလုပ်တွေလုပ်ရင်းနဲ့ပဲအချိန်ကုန်သွားတယ်။ ဘကြိုင် ဘိုင်ကျလျက်ပေါ့။
ဇူလိုင်လ
နှစ်တိုင်း တနှစ်လုံးမှာ ဒီလလေးကို ကျွန်မ သဘောအကျဆုံးပဲ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ချစ်မေမေက ကျွန်မကို မွေးဖွားပေးခဲ့တဲ့လလေးဖြစ်လို့ပါပဲ။ ဒါပေမယ့် ဒီမွေးနေ့မှာစိတ်မကောင်းဖြစ်ခဲ့ရတယ်။ သူငယ်ချင်းတွေမစုံလို့။ မောင်လေးက စကောဖိနပ်ပြန်လက်ဆောင်ဝယ်ပေးခဲတယ်။ ပျော်တာပေါ့နော်။ လက်ဆောင်တွေတော့ အားကြီးရခဲ့တယ်။ ဒါပေမယ့် လက်ဆောင်ရခဲ့တဲ့ အ၀တ်အစားတစ်စုံကိုတော့ အနှစ်သက်ဆုံးပဲ။ ရူးးးးးးးးးးးးး တိုးတိုးနော်။ ရုံးက မမတွေသိရင် ခေါင်းခေါက်မှာ။ ဒီလမှာ ရှိတဲ့ ပိုက်ဆံတွေတော်တော်ပြောင်သွားပြီး အမေ့ဆီမှာ အကြွေးတင်သွားတယ်။
သြဂုတ်လ
ရုံးတက်လိုက် ရုံးအလုပ်လေးလုပ်လိုက်။ ပိတ်ရက်လေးတွေမှာ နားတဲ့ရက်နားလိုက်နဲ့ သိပ်မထူးခြားတဲ့လလေးပါပဲ။ သင်တန်းလည်း ဘာသင်တန်းမှမတက်နိုင်ပါဘူး။ ပိုက်ပိုက်မှမရှိပဲလေ။ အိမ်ကလည်း ထားမပေးတော့ဘူးလေ။ အကြွေးတောင်မဆပ်နိုင်တာလေ။
စက်တင်ဘာလ
သြဂုတ်လနဲ့ သိပ်မကွာနဲ့လလေးပါပဲ။ ပိုက်ဆံတွေတော့ တအားစုခဲ့ရတယ်။ ကဗျာတွေလည်းရေးတယ်။ ၀ထ္ထုတိုလေးတွေလည်းရေးတယ်။ ခံစားတတ်လာပြီးကိုး။
အောက်တိုဘာလ
ဒီလ ၄ ရက်နေ့က ချစ်မေမေရဲ့ မွေးနေ့လေ။ အမေ့ကို ကျွန်မဘွဲ့ယူတဲ့အခါ ပွဲတက်ရင်ဝတ်ဖို့အတွက် ၀မ်းဆက်တစ်စုံဝယ်ပေးခဲ့တယ်။ အိုပါးလို့ ကျွန်မခေါ်တဲ့ အရမ်းခင်ရတဲ့အစ်ကိုတစ်ယောက်ရဲ့မွေးနေ့က ၁၀ ရက်နေ့။ အိုပါးကို ဒုက္ခပေးလိုက်တာ တော်တော်ကုန်သွားတယ်။ သူများကလှည့်ဆို အမှန်အကန်စားတာ ကျွန်မပဲလေ။ ဒါမျိုးဆို ပျော်မှပျော်ပဲ။
နိုဝင်ဘာလ
ဒီလက ကျွန်မ ရုံးအလုပ်နည်းနည်းရှုပ်တယ်။ ရုံးက ဖွင့်တဲ့ သင်တန်း ၂ခုတက်လိုက်ရသေးတယ်။ တခြားဘာမှထွေထွေထူးထူးမရှိဘူး။ ဒါပမေယ့် ချစ်သူနဲ့လည်း နားလည်မှုခဏခဏလွဲခဲ့တဲ့လလေးပေါ့။ ကျွန်မဘာသာ ကျွန်မ နားလည်မှုလွဲနေတာ။ သူက ဘာမှမသိဘူး။ :P
ဒီဇင်ဘာလ
ရုံးက ဖွင့်တဲ့သင်တန်းတစ်ခု တက်လိုက်ရတယ်။ စိတ်မ၀င်စားတဲ့သင်တန်းပါ။ ဒါပေမယ့် အဆင်ပြေပြေနဲ့ပဲ သင်တန်းပြီးသွားခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ကျွန်မရဲ့ အမွန်မြတ်ဆုံးအလှူတစ်ခုကို လုပ်နိုင်ခဲ့တယ်။ အဲ့ဒါက ကျွန်မ သွေးလှူဖြစ်ခဲ့တယ်။ အရမ်းကြည်နူးပီတိဖြစ်ခဲ့ရတယ်။ ကြည်နူးစရာအကြောင်းအရင်းကလည်းရှိတာကိုး။ ချစ်သူနဲ့ကတော့ ဒီလိုပါပဲ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့။ နှစ်ကုန်တော့မယ်ဆိုတော့ ကိုယ့်ဘာသာကိုယ်ပြန်စမ်းစစ်ပြီး အားမလိုအားမရဖြစ်ပြီး နှစ်သစ်မှာ ဘာတွေလုပ်မယ်ဆိုပြီး စီမံကိန်းတွေ ချနေမိတယ်။ လုပ်ဖြစ်မလုပ်ဖြစ်ကတော့ မသေချာဘူးပေါ့။ လက်ရှိအလုပ်ကိုလုပ်နေရင်း ၀င်ငွေရအောင် ဘာလုပ်ရင်ကောင်းမလဲလို့တွေးနေမိတယ်။ ပြီးတော့ နှစ်သစ်ကူးတဲ့ညမှာ သူငယ်ချင်းတွေနဲ့ ဘယ်လိုပျော်ရမလဲလို့လည်း တွေးနေမိသေး။ သြော် ဘာလိုလိုနဲ့နှစ်သစ်ကိုရောက်ဖို့ ၄၅ နာရီပဲလိုတော့တာပဲ။
ဒီလိုနဲ့ပဲ ကျွန်မရဲ့ မကောင်းတဲ့မှတ်ညဏ်ကို ဖြစ်ညှစ်ထုတ်ပြီး ၂၀၀၉ မှတ်တမ်းလေးေ၇းပြီးခဲ့ပါတယ်။ စာရေးအပြီးမှာ ကျွန်မသတိအရဆုံးက အေကျူ့ဆိုတဲ့ ကျေးဇူးရှင်လေးကိုပါ။ ကိုယ်ရေးထားတာလေးကို ပြန်ဖတ်ရင်း ဒင်းလေးကိုလည်း ကျေးဇူးတင်မိသား။ ဒင်းလေးကြောင့် ၂၀၀၉ မှတ်တမ်းလေး ရေးဖြစ်သွားတာကိုး။။။။။။။။။။အင်းးးးးးးးးး တဆက်တည်းမှာပဲ ဘယ်သူတွေကို ထပ်ပြီး tag လုပ်ရမလဲလို့ တွေးနေမိပါတော့တယ်။ ကဲ------------- tag လိုက်ပြီ ငါဟဲ့ ဖြူစင်သူ
မကောင်းသူထိပ် ကောင်းသူထိပ်..........
၁။ မသီရိ
၂။ ကြေးကြေး
၃။ ဖူးပွင့်
၎။ မီးမီး
၅။ ခိုင်ခိုင်
၆။ ဇင်မင်းဆွေ
၇။ မမသဇင်
Posted by phyusinthu at 9:35 AM 6 comments
Thursday, December 17, 2009
ချိုမြိန်ဒုက္ခ

ကော်ဖီကိုအရမ်းကြိုက်တဲ့ငါ
ကော်ဖီရဲ့ဆိုးကျိုးကို သိတဲ့ငါ
ဒီ့ထက်ပိုမစွဲလမ်းသင့်တာသိတဲ့ငါ
ဖြတ်ဖို့ကြိုးစားရင်းကြိုးစားရင်း
ဆက်သောက်မြဲသောက်ရင်းသောက်ရင်း
ကော်ဖီကြောင့်ရတဲ့ဒုက္ခတွေ တပွေ့တပိုက်
ပြုံးလိုက်ပျော်လိုက် နာကျင်လိုက်ကြေကွဲလိုက်
ဆက်သောက်မယ်ရည်ရွယ်ရင်း
နောက်ဆုံးတစ်ကျိုက် ငါမျိုချလိုက်တယ်
ကော်ဖီရဲ့အခါးဒဏ်ကပျင်းလွန်းလို့
ရင်ထဲကလက်မခံ ပြန်အန်ထွက်တာကို
နင်အပြစ်မမြင်ပါနဲ့
ကော်ဖီကရတဲ့ဝေဒနာတွေကို
ငါ့နှလုံးသားက လက်ခံပေမယ့်
ငါ့အစာအိမ်က လက်မခံနိုင်တော့ဘူးလေ
Labels: coffee
Posted by phyusinthu at 12:50 PM 0 comments
Thursday, August 13, 2009
မောင်မမြင်နိုင်တဲ့ကျွန်မချစ်ခြင်း
မိန်းမတစ်ယောက်ရဲ့ချစ်ခြင်းက ယောင်္ကျားတစ်ယောက်ရဲ့ချစ်ခြင်းထက် ပိုများတယ်ဆိုတာကို ကျွန်မရဲ့ပတ်ဝန်းကျင်မှာ ခဏခဏမြင်တွေ့ခဲ့ပေမယ့် ကျွန်မကိုယ်တိုင် အဲဒီ့လောက်အထိ လူတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးထားမိခဲ့ဘူး။ ကျွန်မဆိုတဲ့မိန်းမက ကိုယ့်ကို ဂရုတစိုက်ရှိတာကိုပဲ လိုချင်တာလေ။ ကျွန်မကိုယ်တိုင်ကလည်း ကျွန်မချစ်တဲ့သူတွေကို ဂရုတစိုက်ရတာ နှစ်သက်တယ်။ ကျွန်မရဲ့ မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့သူငယ်ချင်းတွေက ကျွန်မကို ဂရုစိုက်ခဲ့ကြတယ်။ မောင်ဆိုတဲ့ ကျွန်မချစ်သူကလွဲရင်ပေါ့………………………
မောင်နဲ့ကျွန်မက ငယ်သူငယ်ချင်းတွေပေါ့။ မောင့်ကို ကျွန်မက အရင်ဆုံးစချစ်ခဲ့တာပါ။ မောင်က သူ့ကောင်မလေးနဲ့ပြတ်သွားပြီး ၂လခွဲ အကြာမှာ ကျွန်မကို ချစ်တယ်လို့ဖွင့်ပြောတယ်။ ကျွန်မကလည်း မောင့်ကို ချစ်တယ်လို့အဖြေပြန်ပေးပြီး မောင်က ကျွန်မရဲ့ ရည်းစားဦးနဲ့ အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တယ်လေ။ ကျွန်မသူငယ်ချင်းတွေအားလုံး အံ့သြလောက်အောင်ကို ကျွန်မမောင့်ကို ချစ်ခဲ့တယ်လေ။ သူငယ်ချင်းတွေက ပြောတယ် နင်အရမ်းချစ်မပြနဲ့တဲ့။ နင်ကိုသူက အနိုင်ယူလိမ့်မယ်တဲ့။ အဲဒီလိုပြောခဲ့ကြပေမယ့် မောင့်ကြောင့် ကျွန်မရဲ့ အရင်တုန်းက ရှိခဲ့တဲ့ မာနတွေ၊ အပြုအမူတွေ၊ စိတ်ထားတွေ အကုန် ပြောင်းလဲသွားခဲ့တယ်။ မောင်လည်း အတော်အသင့်ပြောင်းလဲခဲ့တယ်လို့ ကျွန်မထင်ခဲ့ပြီး အရမ်းကို ပျော်ရွှင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မအမြင်တွေမှားခဲ့တယ်လို့ ပြောရမယ်။ မောင်က ကျွန်မကို အရမ်းချစ်တယ်လို့ ကျွန်မထင်ခဲ့တာတွေအားလုံးဟာ မောင့်ရဲ့ စကားတစ်ခွန်းနဲ့ ပျက်ပြယ်သွားခဲ့တယ်လေ။ အဲဒီ့စကားကို မောင်က လွယ်လွယ်ပဲပြောထွက်ခဲ့တာကို ကျွန်မအရမ်းလည်း အံ့အားသင့်ခဲ့ရသလို ရင်လည်းနာခဲ့တယ်။ အချော့ခံချင်လို့ စိတ်ကောက်ပြနေတဲ့ ချစ်သူတစ်ယောက်ကို အဲဒီလို စကားမျိုး ပြောထွက်ရက်တဲ့ မောင့်ကိုလည်း ကျွန်မမုန်းချင်ပေမယ့် မုန်းလို့မရခဲ့ပါဘူး။ မောင်က ကျွန်မကိုပြောဖူးတယ်။ စိတ်မဆိုးစိတ်မကောက်နဲ့တဲ့ သူက မချော့တတ်ဘူးတဲ့။ ဒါ့ကြောင့် ကျွန်မတွေးမိတယ် စိတ်ကောက်မိတဲ့ ကျွန်မအမှားပါပဲလို့လေ။ တစ်ဦးကို တစ်ဦးချစ်မိတဲ့အခါ သူတို့ဆီမှာရှိတဲ့ မာနတွေဟာ လျော့ပါးသွားမယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း မာနဆိုတာ သိပ်မရှိတော့တာကြောင့် မောင်လည်း ကျွန်မလိုပဲလို့ထင်မြင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မထင်တာတွေအားလုံးလွဲနေခဲ့တယ်လေ။ မောင်က သူ့မာနကိုလုံးဝမလျော့ခဲ့ပါဘူး။
ကျွန်မမောင့်ကို အရမ်းချစ်တာ မောင်သိလားမသိလားတော့ ကျွန်မ မတွေးတတ်တော့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ရုံးက အစ်မတွေကတော့ ကောင်းကောင်းသိတယ်။ သူတို့ကြောင့်ပဲ မောင်နဲ့ကျွန်မ ချစ်သူတွေဘ၀ကို ပြန်ရောက်ခဲ့ရတယ်။ ကွဲအက်သွားတဲ့ ဖန်ခွက်တစ်ခွက်ကို ဘယ်လိုပြန်ဆက်ဆက် အက်ကြောင်းကတော့ ရှိနေတယ်ဆိုတာ အရမ်းမှန်တယ်။ အခုနောက်ပိုင်း မောင့်ကို ကျွန်မမြင်ရရင် အလိုလိုငိုချင်မိတယ်။ နှစ်ယောက်အတူတူထိုင်နေပေမယ့် မောင့်စိတ်က ကျွန်မဆီမှာ ရှိမနေခဲ့ဘူးလေ။ အရင်တုန်းက ရခဲ့တဲ့ ဂရုစိုက်မှု အနည်းငယ်ဟာလည်း ပျောက်ကွယ်ကုန်ပါရော။ ကျွန်မအရမ်းကိုခံစားရတယ်။ ဒါတွေကို မောင်က သိမှာလည်း ဟုတ်သလို ခံစားတတ်မှာလည်းမဟုတ်ပါဘူး။ မောင်ကပြောတယ် “နင်ဖြစ်ချင်တာကိုပြောပြပေါ့တဲ့ မပြောရင်ဘယ်လိုလုပ်ငါကသိမှာလဲတဲ့” ကျွန်မ မောင့်ရှေ့မှာ မျက်ရည်မကျမိအောင် ထိန်းထားပြီး ပြုံးပြုံးလေးနေနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်မ သူ့ရှေ့မှငိုလည်း သူက ချော့မှာမဟုတ်ဘူးဆိုတာသိနေလို့လေ။ ကျွန်မသူငယ်ချင်းက ပြောတယ် နင့်အစားငါစိတ်အရမ်းပင်ပန်းတယ်တဲ့။ ကျွန်မကတော့ အဲဒါတွေကို ချိုမြိန်တဲ့ ဒုကတွေပဲလို့ ခံယူထားပါတယ်။ ကျွန်မမောင့်ကို လွယ်လွယ်နဲ့ စွန့်လွှတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မောင်က ကျွန်မကို လုံးဝမချစ်တော့ဘူးလို့ ပြောလာခဲ့ရင်တောင် ကျွန်မမောင့်ကို ………………………….၊
Posted by phyusinthu at 2:46 PM 0 comments

Falling hearts Here