"စိတ်ခံကောင်းမှ စိတ်ကောင်းခံမယ်"
မိတ္တူစာရွက် အရည်အသွေးကောင်းမှ
မိတ္တူပုံရိပ် ပိုမိုထင်ရှားသလို
စိတ်အခံ ဖြူဖွေးသန့်စင်မှ
ဓာတ်ကူးစက်မှု ပိုမိုထင်ရှားနိုင်ပါတယ်။
စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက်
စိတ်ကောင်း နှလုံးကောင်းလည်းမွေး
လေ၀င်တိုင်း လေထွက်တိုင်း
နှာသီးဝမှာ လေထိသွားတဲ့သဘောကိုလည်း
မကြာခဏ သတိကပ်ရှုမှတ်ပြီး
ကိုယ့်စိတ်ကိုယ် ဖွပ်လျှော်ပေးသင့်ပါတယ်။
"ကိုယ်ကျင့်တရားသည် အရေးကြီးဆုံးလူ့သိက္ခာ''
လူတစ်ယောက်ဟာ ပင်ကိုရုပ်အဆင်း
ဘယ်လောက်ချောချော
ကိုယ်ကျင့်တရား မကောင်းရင်
လုံးဝ ကျက်သရေမရှိပါဘူး။
ပင်ကိုရုပ်မလှပေမယ့် ကိုယ်ကျင့်တရားကောင်းရင်
ကျက်သရေရှိပါတယ်။
လူတစ်ယောက်ရဲ့ ဂုဏ်သတင်းပျံ့မွှေးမှုကို
ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်တာ
ကိုယ်ကျင့်တရားရနံတစ်ခုပဲ ရှိပါတယ်။
ကိုယ်ကျင့်တရား ခိုင်မြဲနေသမျှ
ဂုဏ်သိက္ခာအားလုံး ခိုင်မြဲနေဦးမှာပါပဲ။
ကိုယ်ကျင့်တရား ပျက်စီးရင်တော့
ရှိသမျှဂုဏ်အားလုံး ပျက်စီးသွားပါပြီ။
"စိတ်ဖြူစင်မှ ကုသိုလ်အစစ်"
စိတ်ကိုဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ခေါ်ပါတယ်။
စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့်
မိမိရဲ့စိတ် ဖြူစင်သန့်ရှင်းသွားတယ်ဆိုရင်
အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ဟာ
ကုသိုလ်ပါပဲ။
မျက်မြင်အရ ကုသိုလ်အလုပ်
လုပ်နေပေမယ့် အတွင်းစိတ်ထဲမှာ
ဖြူစင်သန့်ရှင်းမှု ဖြစ်ပေါ်မနေရင်
အဲဒီအလုပ်လုပ်နေစဉ်မှာ
ဘာကုသိုလ်မှ မရပါဘူး။
မျက်မြင်အရ စီးပွားရေးအလုပ်
လုပ်နေပေမယ့် ဖြူစင်သန့်ရှင်းတဲ့
အတွင်းစိတ်နဲ့ လုပ်နေရင်
အဲဒီအလုပ်လုပ်နေစဉ်မှာ
ကုသိုလ်ရနေပါတယ်။
Thursday, December 27, 2007
ဆရာတော် အရှင်ဆန္ဒာဓိက၏ ဓမ္မနှင်းပွင့်များ
Wednesday, December 19, 2007
ဆိုကရေးတီး၏အဆိုအမိန့်များ
၁။ သဘာဝတရားကြီးက ကျုပ်တို့ကို နားရွက်နှစ်ဖက်၊ မျက်စိနှစ်လုံးပေးအပ်ခဲ့ပါတယ်။ ဒါပေမယ်လျှာကိုတော့ တစ်ခုတည်းပေးခဲ့တာဗျ။ ဒါ့ကြောင့် ကျုပ်တို့တွေဟာ ဘ၀နိဂုံးချုပ်မယ့် နောက်ဆုံးအချိန်အထိ ကျုပ်တို့ပါးစပ်က ပြောတာထက် ကျုပ်တို့ရဲ့ မျက်လုံးတွေနဲ့ကြည့် နားတွေနဲ့ နားထောင်တာကို ပိုပြီးလုပ်သင့်တယ်။
၂။ လူမိုက်တစ်ယောက်ရဲ့လျှာဟာ သူ့ရဲ့ အကြံညဏ်တွေ ထင်မြင်ချက်တွေကို ပြောဆိုဖို့အတွက် အဓိကအရာကြီး ဖြစ်တယ်။ ပညာရှိတစ်ယောက်ရဲ့လျှာကတော့ သူ့ရဲ့တတ်သိလိမ်မာမှုတွေကို သိမ်းဆည်းထားတဲ့ အရာဖြစ်တယ်။
Labels: ideas
Posted by phyusinthu at 1:19 PM 0 comments
ခေါင်းစဉ်မရှိတဲ့ကဗျာ
အိမ်မက်တစ်ခု သာယာယစ်မူး
သူမသိဘူး သူသိအောင်လည်း
မကြိုးစားချင် မာနရှင်လေး
ကျွန်မဖြစ်အင်
သူမသိတဲ့ အချစ်တစ်ခု
အနက်ရှိုင်းဆုံး ရင်ဘတ်ထဲမှာ
သိမ်းထားခဲ့တာ သူမသိပါ။
၂၀၀၆ ခုနှစ် မတ်လ(၅)ရက်နေ့တွင် ခံစားရေးဖွဲ့ထားသော ကဗျာဖြစ်ပါသည်။
Labels: poem
Posted by phyusinthu at 10:04 AM 0 comments
Monday, December 17, 2007
အရမ်းစိတ်ညစ်လာရင်
၁။ သင့် စဉ်းတွေးခေါ်မှုကို ပြောင်းလိုက်ပါ။
၂။ မှတ်တမ်းလေးတစ်ခု ထားပါ။
၃။ အရာရာအပေါ်မှာ အမြော်အမြင်ရှိအောင်လုပ်ပါ။
၎။ အသေးအဖွဲ့ကိစ္စနှင့် စိတ်ရှုပ်မခံပါနှင့်။
၅။ သူများတွေနှင့် လိုက်မပြိုင်ပါနှင့်။
၆။ ငြင်းဆန်ဖို့ကြိုးစားပါ။
၇။ မိတ်ဟောင်းဆွေဟောင်းများဆီ ဖုန်း၊ မေးလ်း၊ စာဖြင့်ဆက်သွယ်ပါ။
၈။ အော်ဟစ်ကာရယ်မောလိုက်ပါ။
၉။ တစ်ခုခုကို ဖန်တီးပါ။
၁၀။ လမ်းလျှောက်ပါ။
၁၁။ ဟာသ ဗီဒီယိုကားကြည့်ပါ။
၁၂။ ပြုံးပါ။
၁၃။ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကိုအော်ဆိုလိုက်ပါ။
၎င်းတို့မှာ ကျွနိုပ်စိတ်ညစ်လာရင် ပြုမူတတ်သောအရာများဖြစ်သောကြောင့် မိတ်ဆွေများအား ဝေမျှခြင်းဖြစ်ပါသည်။ မိတ်ဆွေတို့ရော စိတ်ညစ်ရင် ဘာလုပ်သလဲ၊
Labels: opinion
Posted by phyusinthu at 3:11 PM 0 comments
နှလုံးလှမြန်မာ
သူ့ခြံမြေထွက်၊ ပန်းတစ်ခက်ကို
တပ်မက်ယစ်မူး၊ တို့မခူးချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ပန်းများပွင့်အောင်၊ တို့ပျိုးထောင်အံ့။
သူ့ပိုင်မြေထွက်၊ ရေတစ်စက်ကို
တပ်မက်စိတ်ပေါက်၊ တို့မသောက်ချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ရေများရအောင်၊ တို့စွမ်းဆောင်အံ့။
သူ့လယ်မြေဖွား၊ ဆန်စပါးကို
လှည့်စားငြိုငြင် မလိုချင်ပါ
ကိုယ်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
စပါးထွက်အောင်၊ တို့စွမ်းဆောင်အံ့။
သူ့ပိုင်မြေတွင်၊ တို့ကျော်နင်း၍
သားချင်းတစ်စုံ၊ ချစ်ကြည်မှုကို
မလိုတမာ၊ အဘိဇ္ဈာဖြင့်
လော်မာသမှု၊ တို့မပြုပါ
နှစ်ဖြာရည်တူ၊ ရိုင်းပင်းကူလျှက်
ကြည်ဖြူမျှတ၊ ခံစားကြလျက်
ချမ်းမြသာယာ၊ ဤလူ့ရွာကို
ညီညာစွမ်းပြ အလှဆင်။
လူအားလုံးကို တို့ချစ်ခင်။
မြန်မာစိတ်ရင်း ဖွေးဖြူစင်၏။ ။
ယဉ်ယဉ်မင်းထိုက်
Labels: poem
Posted by phyusinthu at 2:10 PM 0 comments
Thursday, December 13, 2007
အတ္တ
ကိုယ်သာလျှင်
မင်းရဲ့အကြည့်
မင်းရဲ့အသံ
မင်းရဲ့ဟန်
မင်းရဲ့မူပိုင်ဖြစ်ချင်ပေမယ့်
ကိုယ့်ရဲ့နားမှာမင်းမရှိလည်း
မင်းရဲ့အနားမှာတော့
ကိုယ်ကလွဲလို့
ဘယ်သူမှ မရှိစေချင်ပါ
ချစ်သူ
Labels: poem
Posted by phyusinthu at 1:47 PM 0 comments
Monday, December 3, 2007
အတွေးအမြင်များ
လူ့ဘ၀မှာ အရေးကြီးဆုံးက တကယ်လေ့လာတယ်၊ တကယ်ကြိုးစားတယ်၊ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်တယ်လို့ ကိုယ့်ဘာသာကိုယ်လက်ခံနိုင်ဖို့ပဲ၊ ကိုယ်လုပ်စရာရှိတာတွေကိုသာ အကောင်းဆုံးလုပ်နိုင်အောင်ကြိုးစား။
ဟယ်လင်ဟေး ( နာမည်ကျော်အမေရိကန်ပြဇာတ်နှင့် ရုပ်ရှင်မင်းသား)
မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ၊ စိတ်ကူးအိမ်မက်တွေကို ဘယ်အရာ၊ ဘယ်ကိစ္စအတွက်မှ မပျောက်ပျက် မဆုံးရှုံးစေနဲ့
ရပ်ဖ်ဘန့်ခ်ျ (ကုလသမဂ္ဂ၏လက်ထောက်အထွေထွေအတွင်းရေးမှူး ( ၁၉၀၄-၁၉၇၁)
ကိုယ့်ကိုယ်ကိုအထက်ဆုံးကိုရောက်ရမယ်လို့ ရည်ရွယ်ချက်ရှိတဲ့လူအဖို့ စကားနိုင်လုပြီး ငြင်းခုံနေရန် အချိန်မရှိပါ။
အဘရာဟန်လင်ကွန်း
Posted by phyusinthu at 1:35 PM 2 comments
အင်္ဂလိပ်ဘာသာစကား ပေါ်ပေါက်ထွန်းကားလာပုံ
ဗြိတိန်အပေါ် ကျရောက်ခဲ့သော ကျုးကျော်သိမ်းပိုက်မှုအချို့မှ အင်္ဂလိပ်ဘာသာစကား ပေါ်ပေါက်ထွန်းကား လာခဲ့သည်။ ဗြိတိန်အား ပထမဆုံးကျုးကျော်သိမ်းပိုက်သူများမှာ အင်ဂဲလ်စ် ၊ ဂျု့စ် နှင့် ဆက်ဆွန် စသောလူမျိုးစု သုံးစုဖြစ်သည်။ ၎င်းလူမျိုးစုများ၏ကိုယ်ပိုင်ဘာသာစကားများ ရောနှောပေါင်းစပ်သွားရာမှ အင်ဂလိုဆက်ဆွန် ဘာသာစကား ပေါ်ထွက်လာသည်။ ၎င်းအင်ဂလိုဆက်ဆွန်ဘာသာစကားသည် ရှေးခေတ် အင်္ဂလိပ်ဘာသာ စကား ဖြစ်သည်။
ရှေးခေတ်အင်္ဂလိပ်ဘာသာစကားသည် ဂျာမနီဘာသာစကားနှင့် အလွန်တူသည်။ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်တို့မှလာသောဗိုက်ကင်းများသည် ( ၈ရာစုနှင့် ၁၀ ရာစုကာလအတွင်းတွင် ပေါ်ပေါက်ခဲ့သော ကုန်သည် ပင်လယ်ဓားပြ) ဗြိတိန်အားရောက်ရှိပြီး ပထမကျူးကျော်မှုပြုလုပ်ခဲ့သည်။ ၁၀၆၆ ခုနှစ်တွင် နော်မန်ဒီဒေသမှ စစ်ဘုရင်ဝီလီယံဦးဆောင်သောပြင်သစ်တပ်များက ဗြိတန်အား ဒုတိယအကြိမ် ကျူးကျော်ခဲ့သည်။ နော်မန်အုပ်ချုပ်သူများက ရှေးခေတ်အင်္ဂလိပ်ဘာသာစကားအား စကားလုံးအသစ်များ ထပ်မံဖြည့်စွက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မတူညီသောဘာသာစကားများ ပေါင်းစပ်ပြုပြင်မှုဖြင့် အလယ်ခေတ် အင်္ဂလိပ်ဘာသာ စကားဖြစ်လာခဲ့သည်။ အလယ်ခေတ်အင်္ဂလိပ်ဘာသာစကား၏အသံသည် ဂျာမနီနှင့်ဆင်တူနေသေးသော်လည်း ၎င်းသည် ယခုခေတ်သုံးအင်္ဂလိပ်စကားနှင့်ဆင်တူလာခဲ့ပါသည်။
အလယ်ခေတ်အင်္ဂလိပ်ဘာသာစကားသည် ၁၄၇၈ ခုနှစ်တွင် ၀ီလီယံကက်စတန်ဆိုသူသည် ဟော်လန်နှင့် ဥရောပနိုင်ငံများသို့ လှည့်လည်ခဲ့ပြီး ဗြိတိန်သို့ ပြန်လည်ရောက်ရှိလာသောအခါ အင်္ဂလိပ်စကားသည် ပိုမိုကျယ်ပြန့်လာသည်။ သူသည် ဥရောပနိုင်ငံများမှ ပုံနှိပ်အတတ်ပညာကို သင်ယူလာခဲ့သည့်အပြင် ပုံနှိပ်စက်တစ်လုံးလည်း ယူဆောင်လာခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် ၎င်းတို့လိုအပ်သောစာအုပ်တိုင်းကို ရနိုင်လာပြီး ပညာရေးနှင့် အင်္ဂလိပ်ဘာသာစကားတို့သည် ပျံ့နှံခဲ့သည်။ ဤသို့ဖြင့် ၁၅၀၀ ပြည့်နှစ်အတွင်းမှာပင် အလယ်ခေတ်အင်္ဂလိပ်ဘာသာစကားသည် ယနေ့ခေတ် သုံးစွဲနေသော မော်ဒန်အင်္ဂလိပ်ဘာသာစကား ဖြစ်လာခဲ့သည်။ ယနေ့ အင်္ဂလိပ်စကားပြောသူများသည် ၁၆ ရာစု နှောင်းပိုင်းတွင် နေထိုင်ခဲ့သောလူများနှင့် စကားပြောဆိုဆက်ဆံနိုင်သည်။
အင်္ဂလိပ်စာဆိုကြီး ၀ီလီယံရှိတ်စပီးယားသည် ၁၆ ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်လာခဲ့သည်။ ရှိတ်စပီးယားမကွယ်လွန်မီ ကိုးနှစ်တွင် အင်္ဂလိပ်ဘာသာ စကား၏ဖွံ့ဖြိုးတိုးတက်မှုတစ်လျှောက်တွင် အင်မတန်ကြီးမားသော ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့သည်။ ဗြိတိန်သင်္ဘောငယ် (၃) စင်းသည် ၁၆၀၇ ခုနှစ်တွင် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ယခု အမေရိကန် ပြည်ထောင်စုတောင်ပိုင်းရှိ ဗာဂျီးနီးယားသို့ ရောက်ရှိလာရာမှ ဂျိမ်းစ်တောင်းသည် ဗြိတိန်၏ပထမဆုံးသော အမေရိကန်ကိုလိုနီမြို့ဖြစ်လာခဲ့သည်။ အမေရိကကိုလိုနီဒေသတွင် နေထိုင်သောဗြိတိန်လူမျိုးများသည် ၎င်းတို့ ရောက်ရှိသောဒေသများကို နာမည်ပေးသောအခါ အမေရိကန်ဒေသခံ အင်ဒီးယန်းလူမျိုးများ၏ ဘာသာစကားမှ စကားလုံးများကို ယူငင်သုံးစွဲခဲ့ကြသည်။ ထိုမျှမက အခြားတိုင်းတစ်ပါး နိုင်ငံများမှ စကားလုံးများကိုလည်း ငှားယူသုံးစွဲခဲ့ကြသည်။ ဥပမာ-Wednesday, Thursday and Friday ဆိုပါတော့။ မြောက်ဥရောပမှ လူမျိုးများသည် Odin, Thor နှင့် Freya ဟူသောနတ်သုံးပါးကို တစ်ပတ်တစ်ခါ ရက်သတ်မှတ်ပြီး ပူဇော်ကြသည်။ ထို့ကြောင့် Odinအား ပူဇော်သောနေ့ကို အင်္ဂလိပ်ဘာသာစကားတွင် Wednesday ဟုလည်းကောင်း၊ Thorအား ပူဇော်သောနေ့ကို Thursday ဟုလည်းကောင်း Freya အား ပူဇော်သောနေ့ကို Friday ဟုလည်းကောင်းခေါ်ဆိုကြသည်။
အင်္ဂလိပ်ဘာသာစကားတွင် စကားလုံးမည်မျှရှိသနည်းဟု လူအများက မကြာခဏမေးကြသည်။ Oxford English Dictionary တွင် စကားလုံးပေါင်း (၆၁၅၀၀၀) ရှိသည်ဟု သိရှိရသည်။ သို့ရာတွင် သိပံ္ပပညာနယ်ပယ်မှ ထွက်လာသော စကားလုံးအသစ်များကြောင့် စကားလုံး (၁) သန်းနီးပါးဖြစ်လာသည်။ ထိုသို့စကားလုံးများ ရေတွက်ရာတွင် ပြဿနာရှိသည်။ ၎င်းမှာ စကားလုံးတစ်လုံးတည်းကို အဓိပ္ပါယ် နှစ်မျိုး သုံးမျိုးဖြင့် သုံးစွဲခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အင်္ဂလိပ်ဘာသာစကားသည် ယခုအခါ တစ်ကမ္ဘာလုံး၏ဘုံဘာသာစကားတစ်ခု ဖြစ်လာပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ပြောဆိုရာတွင် လွန်စွာအသုံးဝင်သော ဘာသာစကားတစ်ခု ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာစကားအားပြောဆိုနိုင်လျှင် တကမ္ဘာလုံးကိုပင် လည်ပတ်သွားလာနိုင်သောကြောင့် အင်္ဂလိပ်ဘာသာစကားသည် အလွန်အရေးပါသော ဘာသာစကားတစ်ခုအဖြစ် ရပ်တည်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့မြန်မာ လူမျိုးများအနေဖြင့်လည်း ထိုသို့အရေးပါသောဘာသာစကားအား ကျွမ်းကျင်စွာပြောဆိုနိုင်ရန် ကြိုးစားရပေမည်။ သို့ရာတွင် အင်္ဂလိပ်လူမျိုးများနှင့် ၎င်းင်းတို့၏ယဉ်ကျေးမှုကို အထင်ကြီး အားကျရန်မလိုအပ်ပေ။
မောင်ဒေး၏ဘာသာပြန်ဆိုမှုအား ကိုးကားပါသည်။
Posted by phyusinthu at 12:42 PM 0 comments