Monday, August 18, 2008

ပေါက်ကွဲခြင်း

လူတစ်ဦးရဲ့စိတ်ထားဟာ ပတ်ဝန်းကျင်ကြောင့် ပျက်စီးတတ်တယ်လို့ ကျွန်မ မြင်မိတယ်။ ဒီအယူအဆက အခြားသူတွေနဲ့လွဲနေရင်လွဲနေမယ်။ ဒါပေမယ့် ဒီလိုအမြင်က ကျွန်မကိုယ်တွေ့နဲ့ ခံစားသိရှိလာရတာပါ။ ဆရာတော်ကြီးတွေ၊ ပညာရှင်ကြီးတွေနဲ့ ကျွန်မအမေက ပြောတယ် သူမကောင်းသော်လည်း ကိုယ်ကောင်းအောင်နေရမည်။ သင်ဆိုးသော်လည်း ကျွန်ုပ်ကောင်းအောင်ကြိုးစားပါမည် တဲ့။ ဒါပေမယ့် သူမကောင်းတာက ၁ခါ ဒါမှမဟုတ် ၂ခါဆိုတော်သေးတာပေါ့နော်။ အခါခါမကောင်းပဲ ကိုယ့်ကိုပဲ လာထိခိုက်နေမယ်။ ကိုယ်ကသူ့အပေါ်မှာ ဖြူဖြူစင်စင်ခင်မင်နေတာကို သူ့ဘက်ကနေပြီး နေရင်းထိုင်ရင်းနဲ့ ကိုယ့်ကို သူယုတ်မာတစ်ယောက်လို၊ သူတစ်ယောက်တည်းကပဲ လူ့ကျင့်ဝတ်ကို နားလည်လွန်းပြီး ကိုယ်ကိုကျတော့ လူရိုင်းတစ်ယောက်လို သူတပါးကို အပြစ်ပြောစရာကြုံတိုင်း ကိုယ့်နာမည်ကြီးကို ထည့်သုံးနေမယ်။ ပြီးတော့ ကွယ်ရာမှာ ကိုယ်ဒုက္ခရောက်တဲ့အခါမှာ ပျော်လိုက်တာ၊ ကောင်းလိုက်တာလို့ပြောပြီး ကိုယ့်ကိုတွေ့ရင်တော့ ဘာမှမဟုတ်သလို သွားလေးဖြဲ၊ ရယ်ပြပြီး ဟန်ဆောင်နေလွန်းတဲ့လူမျိုးတွေနဲ့ ကြုံတွေ့လာရတာအခါမှာတော့ သူတော်စင်တစ်ယောက်မဟုတ်တဲ့ ကျွန်မရဲ့စိတ်ထားဟာ ပျက်စီးလာခဲ့ရတယ်။ ကျွန်မလေ ကိုယ်မဟုတ်တာလုပ်လို့ မကောင်းအပြောခံရတာကို ၀မ်းမနည်းဘူး၊ ပြောတဲ့သူကိုလည်းအပြစ်မတင်ပါဘူး၊ ကိုယ်ကမှားနေလို့ဆိုပြီး သည်းခံနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က သူ့အပေါ်မှာ ဘာမကောင်းတဲ့စိတ်ထားထားဖို့မပြောနဲ့ သူ့ကိုတောင် ဖြူစင်တဲ့သူတစ်ယောက်ဆိုပြီး ချီးကျူးဖူးတဲ့လူတစ်ယောက်ပါ။ သူ့အပေါ်မှာမှ မဟုတ်ပါဘူး ဒီနေ့အချိန်ထိ ကိုယ်ကစပြီး ဘယ်သူ့အပေါ်ကိုယ်မှ ထိခိုက်ပါစေဆိုပြီး ယုတ်မာတဲ့အပြုအမူ မပြောနဲ့ မကောင်းတဲ့စိတ်ထား၊ တပါးသူကို မဟုတ်တယုတ်ပြောတာ၊ ကြောချင်တဲ့စိတ်၊ အနိုင်လိုချင်တဲ့စိတ်တောင် မထားခဲ့ဘူးပါဘူး။ တခါတခါ ကိုယ်ချစ်တဲ့လူတွေ၊ ကိုယ်ဆိုးလို့ရတဲ့သူပေါ်မှာ ဆိုးတာတော့ရှိတာပေါ့နော်။ ဒါပေမယ့် အတိုင်းအတာ တစ်ခုထိပါပဲ။ ရည်ရွယ်ပြီး ငါသာရမှ ဆိုတဲ့စိတ်မျိုးနဲ့လုပ်ခဲ့တာမရှိခဲ့ဖူးဘူး။ အရင်တုန်းကတော့ ကိုယ့်ကို မကောင်းကြံလာပြီဆိုရင်တော့ ပြန်ပြီး လက်စားချေရမှဆိုတဲ့ စိတ်ထားမျိုးတော့ရှိတယ်။ ဒါပေမယ့် သီလရှင်ဝတ်ပြီးတဲ့အခါမှာ စိတ်ထားက နဂိုကထက်ပိုနူးညံ့လာတယ်။ ပြန်လက်စားချေရမယ့်အစား ဖြေသိမ့်တတ်လာခဲ့တယ်။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ အဲ့ဒီ့လူအပေါ်မှာလည်း ကိုယ်အရင်ဘ၀က လုပ်ခဲ့တာတွေရှိလို့ ပြန်ပြီး အကြွေးဆပ်နေရတယ်လို့ ယူဆပြီး ခွင့်လွှတ်ကြည့်သေးတယ်။ မေတ္တာပဲပို့ပြီး စိတ်ကို ပြန်သန့်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်စိတ်က ဒီနေ့သန့်လိုက်ရင် သူက နောက်မကြာဘူးပြန်ပြီး ကိုယ့်ကို စော်ကားတဲ့စကားတွေပြောပြန်ရော။ ဒါနဲ့ကိုယ်လည်းသူ့ကို သတိထားပြီးဆက်ဆံတယ်။ ပြောဆိုတယ် ဒါပေမယ့် ကျွန်မအပေါ်သူ့ရဲ့ အမြင်တွေက တော်တော်လေးကို ဆိုးရွားလာတယ်။ အဲ့ဒီ့မှာ စိတ်က အရမ်းကိုညစ်ညမ်းလာရတယ်။ ဥပမာပြရရင် ကားတွေအမြဲသွားလာနေတဲ့လမ်းတစ်ခုလိုပေါ့ လမ်းပေါ်ကနေ ကားတွေက နေ့တိုင်းဖြတ်သန်းနေတော့ ယခင်ကောင်းနေတဲ့လမ်းလည်း ပျက်ဆီးရပြီပေါ့။ လမ်းပျက်တော့ လူတွေက နှာခေါင်းရှုံချင်ကြသေးတယ်လေ။ သူတို့ခဏခဏဖြတ်သန်းနေတာတော့မမြင်ဘူး။ ငါတို့တော့ဖြင့် ဒီလမ်းလေးကို ဘယ်လိုလေးလုပ်ပြီး ဘယ်လိုလေးဖြင့် ပြန်ပြုပြင်ပေးမယ်၊ ဒီလမ်းပျက်စီးရတာ ငါတို့ကြောင့်ပါလို့ မတွေးကြပြန်ဘူး။ လမ်းကိုက အကြမ်းမခံနိုင်တာလို့ပြောချင်တယ်။ လမ်း ကိုယ်တိုင်ကလည်း ဒီလိုကြီးဘယ်ဖြစ်ချင်ပါ့မလဲနော်။ လမ်းကသာ စကားပြောတတ်မယ်ဆိုရင် သူတို့ကို ပြန်ပြောမှာပေါ့နော်။ အခု ကျွန်မက လမ်းမဟုတ်ဘဲ လူဆိုတော့ ပြန်ပြောတတ်တယ်။ ဒါပေမယ့် လမ်းလိုပဲမပြောတတ်သလို ငြိမ်နေပြီး ကိုယ့်စိတ်ကိုသန့်စင်နေရတယ်။ စိတ်ထဲမှာ မကျေနပ်၊ မခေါ်ချင်ပေမယ့် ဟန်ဆောင်ပြီး ခေါ်ပြောနေရတယ်။ တဖြည်းဖြည်းနဲ့ အရင်က ဟန်မဆောင်တတ်တဲ့ကျွန်မ အဲ့ဒီ့လူနဲ့ပတ်သက်လာရင် တဖြည်းဖြည်းဟန်ဆောင်ပြီး ပြုံးတတ်၊ ရယ်တတ်လာတယ်။ ဒါပေမယ့် ဟန်ဆောင်တာတော့ အဲ့ဒီ့လူလိုတော့ မပီပြင်သေးဘူးလေ။ သူ့ကိုတော့ ကျွန်မ အမှတ်ပြည့်ပေးထားတယ်။ အထင်ကြီးလို့တော့မဟုတ်ဘူး။ ဟန်ဆောင်တတ်လာတဲ့ ကျွန်မကိုယ်ကျွန်မလည်း ရွံ့တယ်။ အချစ်ဆုံးအမတွေနဲ့ သူငယ်ချင်းတွေကတော့ပြောတယ် လျစ်လျူရှုထားလိုက်တဲ့။ တနေ့ကျရင် ဘယ်သူမကောင်းဘူး ကောင်းတယ်ဆိုတာ သိမှာပဲတဲ့။ မှန်ပါတယ်၊ တနေ့တော့သိလာမှာပဲ။ ဒါပေမယ့် မသိသေးတဲ့အချိန်မှာ ကိုယ်ခံရတာက လှိမ့်နေပြီ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုတောင် တော်တော်ထိနေပြီ။ ကိုယ့်ရဲ့စိတ်ထားကိုလည်း အရောင်တွေ အဆိုးခံနေရပြီ။ ဒါ့ကြောင့်တွေးတယ် လောကကြီးမှာ အဲ့ဒီ့လိုမျိုးစိတ်ထားယုတ်ညံ့တဲ့လူတွေက ရိုးသားဖြူစင်တဲ့လူဆိုရင် အမြဲတမ်း ငတုံးတွေဆိုပြီး လူတွေက သူတို့လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုများ ပြောတတ်ကြသလားလို့လေ။ ကျွန်မလေ အဲ့ဒီ့လူတွေကို အရမ်းစိတ်ကုန်တယ်။ သူတို့တွေရှိနေတာဟာ လောကကြီးရဲ့အလှတရားတွေကို ပျက်စီးစေတယ်လို့မြင်တယ်။ ကျွန်မအခုရေးတဲ့ ဒီစာကို အဲ့ဒီ့လူကို အရမ်းဖတ်စေချင်တယ်။ ဘာလို့လဲဆိုတော့ သူကျွန်မကို မကောင်းပြောသမျှ ကျွန်မအကုန်သိတယ်ဆိုတယ်ကို အဲ့ဒီ့လူကို သိစေချင်တယ်။ ကျွန်မလေ အဲ့ဒီ့လူကို ဗြောင်ဖွင့်ပြီးမေးချင်တယ်။ ဘာလို့ကျွန်မကို ဒီလိုလုပ်နေသလဲဆိုတာကိုလေ။ ဒါပေမယ့် ကျွန်မမှာ ထောက်ထားစရာတွေရှိနေတယ်လေ။ ဒီစာကိုလည်း အရမ်းခံစားရလွန်းလို့ရေးဖြစ်တာပါ။ ဘာပဲပြောပြောပါ။ ကျွန်မရဲ့စိတ်တွေက ညစ်ညမ်းနေပြီဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်သိနေရတယ်။ ကျွန်မပြန်ပြီး စိတ်ကိုဖြူအောင်ကြိုးစားရဦးမယ်လေ။ ဒါပေမယ့်------ အချိန်တော့ယူရမယ်ထင်တယ်။

တောင်းပန်ခြင်း။ ။ လာလည်တဲ့သူငယ်ချင်းတွေကို အရမ်းအားနာပါတယ်။ အသစ်မတင်နိုင်တဲ့အပြင် ကိုယ့်ခံစားချက်ကိုပဲ ကိုယ်ရေးမိတဲ့အတွက်ပါ။

1 comment:

kotharaye said...

ဒီလိုပဲ ပေါ့၊ ပုထုဇဉ်လူသားတွေ ဆိုတော့ ပေါက်ကွဲတာတွေလည်း ရှိတတ်တာပေါ့။ ကျွန်တော့ဆီက 'လွတ်လပ်တဲ့လူ' ဆိုတဲ့ ပိုစ်လေး ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ငြိမ်းချမ်းပါစေ...