Friday, March 7, 2008

ကျွန်ုပ်၏အမြင်

သင် မကျေနပ်သောသူတစ်ယောက်၏မကောင်းကြောင်း သူတစ်ပါးအား ပြောချင်ပြီဆိုလျှင် ယခင်က သင့်အပေါ်သို့ ကောင်းထားသည့်အချက်များကို ပြန်စဉ်းစားပါ။ ဘယ်သောအခါမှ အလျှင်စလို သူတစ်ပါးမကောင်းကြောင်းမပြောပါနှင့်။ အပြောခံရသော လူအတွက် နစ်နာမှုများရှိနိုင်သလို အပြောခံရသူက ပြန်ကြားရပြီး သင့်စိတ်ဓာတ်ကိုသိသောအခါ သင့်အတွက်လည်း လူအထင်သေးစရာဖြစ်နေပါလိမ့်မည်။ အခြားသူများကလည်းသင့်အပေါ် အထင်သေးကာ သတိထားဆက်ဆံခြင်းကြောင့် သင့်၏အနာဂတ်လည်းကောင်းမည်မဟုတ်ပေ။ သင်ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း တစ်နေ့ သင့်၏အတင်းပြောတတ်သောဇာတိရုပ်မှာ ထင်းထင်းလင်းလင်းကြီး ပေါ်လာပေလိမ့်မည်။ ထို့ကြောင့် မည်သူကို မဆိုပြောဆိုဆက်ဆံသောအခါ စိတ်ရင်းအမှန်နဲ့ ဖြူဖြူစင်စင်ဆက်ဆံပါ။ သင့် ပတ်ဝန်းကျင်တွင် ထိုသို့လူမျိုးတွေ့လျှင် စိတ်မဆိုးပါနှင့် သူအတွက်သာ သနားပေးလိုက်ပါ။ သူဟာ အလွန်သနားစရာကောင်းတဲ့လူတစ်ယောက်ပါ။ ကျွန်ုပ်ကတော့ ကျွန်ုပ်ပတ်ဝန်းကျင်တွင် တွေ့ရသောလူတစ်ယောက်ကို မြင်ကာ အလွန်သနားသောကြောင့် ယခုလိုရေးသားခြင်းဖြစ်ပါသည်။

နှလုံးလှမြန်မာ

သူ့ခြံမြေထွက်၊ ပန်းတစ်ခက်ကို
တပ်မက်ယစ်မူး၊ တို့မခူးချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ပန်းများပွင့်အောင်၊ တို့ပျိုးထောင်အံ့။

သူ့ပိုင်မြေထွက်၊ ရေတစ်စက်ကို
တပ်မက်စိတ်ပေါက်၊ တို့မသောက်ချင်
ကိုယ့်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
ရေများရအောင်၊ တို့စွမ်းဆောင်အံ့။

သူ့လယ်မြေဖွား၊ ဆန်စပါးကို
လှည့်စားငြိုငြင် မလိုချင်ပါ
ကိုယ်အင်ကိုယ့်အား၊ စွမ်းပကားဖြင့်
စပါးထွက်အောင်၊ တို့စွမ်းဆောင်အံ့။

သူ့ပိုင်မြေတွင်၊ တို့ကျော်နင်း၍
သားချင်းတစ်စုံ၊ ချစ်ကြည်မှုကို
မလိုတမာ၊ အဘိဇ္ဈာဖြင့်
လော်မာသမှု၊ တို့မပြုပါ
နှစ်ဖြာရည်တူ၊ ရိုင်းပင်းကူလျှက်
ကြည်ဖြူမျှတ၊ ခံစားကြလျက်
ချမ်းမြသာယာ၊ ဤလူ့ရွာကို
ညီညာစွမ်းပြ အလှဆင်။
လူအားလုံးကို တို့ချစ်ခင်။
မြန်မာစိတ်ရင်း ဖွေးဖြူစင်၏။ ။

ယဉ်ယဉ်မင်းထိုက်
အသစ်တွေမတင်နိုင်သေးလို့ အရင်အဟောင်းလေးပဲ ပြန်တင်ပေးလိုက်ပါတယ်။ လာလည်သူများအားလုံးကို အသစ်မတင်နိုင်သေးလို့အရမ်းအားနာပါတယ်။ အသစ်ရေးနိုင်အောင် ကြိုးစားပါ့မယ်။

အရမ်းစိတ်ညစ်လာရင်

၁။ သင့် စဉ်းတွေးခေါ်မှုကို ပြောင်းလိုက်ပါ။
၂။ မှတ်တမ်းလေးတစ်ခု ထားပါ။
၃။ အရာရာအပေါ်မှာ အမြော်အမြင်ရှိအောင်လုပ်ပါ။
၎။ အသေးအဖွဲ့ကိစ္စနှင့် စိတ်ရှုပ်မခံပါနှင့်။
၅။ သူများတွေနှင့် လိုက်မပြိုင်ပါနှင့်။
၆။ ငြင်းဆန်ဖို့ကြိုးစားပါ။
၇။ မိတ်ဟောင်းဆွေဟောင်းများဆီ ဖုန်း၊ မေးလ်း၊ စာဖြင့်ဆက်သွယ်ပါ။
၈။ အော်ဟစ်ကာရယ်မောလိုက်ပါ။
၉။ တစ်ခုခုကို ဖန်တီးပါ။
၁၀။ လမ်းလျှောက်ပါ။
၁၁။ ဟာသ ဗီဒီယိုကားကြည့်ပါ။
၁၂။ ပြုံးပါ။
၁၃။ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကိုအော်ဆိုလိုက်ပါ။
၎င်းတို့မှာ ကျွနိုပ်စိတ်ညစ်လာရင် ပြုမူတတ်သောအရာများဖြစ်သောကြောင့် မိတ်ဆွေများအား ဝေမျှခြင်းဖြစ်ပါသည်။ မိတ်ဆွေတို့ရော စိတ်ညစ်ရင် ဘာလုပ်ပါသလဲ၊