Wednesday, February 20, 2008

အချိန်ကို ထိရောက်စွာအသုံးချနိုင်ရေးအတွက် နည်းလမ်း(၁၀) ချက်

၁။ နေ့စဉ်ပြုဖွယ်ကိစ္စများကိုစာရင်းပြုစုထားပါ။
၂။ စီမံကိန်းချရန်နှင့် အရေးကြီးသောလုပ်ငန်းများဆောင်ရွက်ရန် အချိန်ကိုအသုံးပြုပါ။
၃။ တူရာလုပ်ငန်းများကို တစ်စုတစ်စည်းတည်းဆောင်ရွက်ပါ။
၎။ ရည်မှန်းချက်များ ချမှတ်ကာ ရည်မှန်းချက်တစ်ခုစီအလိုက် ပြီးစီးရမည့်နေ့ကို သတ်မှတ်ဆောင်ရွက်ပါ။
၅။ နေ့စဉ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရေးပါမှုအလိုက်ဦးစားပေး စီစဉ်ဆောင်ရွက်ပါ။
၆။ အရေးကြီးသည့်လုပ်ငန်းများ ကိုယ်တိုင်ဆောင်ရွက်ပါ။ အရေးပါမှုနည်းသော ဦးစားပေးအဆင့်နိမ့်သည့် လုပ်ငန်းများကို လက်အောက်ဝန်ထမ်းများ(သို့မဟုတ်) အခြားသူများအား ခွဲဝေဆောင်ရွက်စေပါ။
၇။ စာရွက်စာတမ်များကို စနစ်တကျ စုစည်းထားပါ။
၈။ လက်ငင်းလုပ်ရမည့်လုပ်ငန်းများကို ရွှေ့ဆိုင်းထားခြင်းမှ ရှောင်ကြဉ်ပါ။
၉။ ခက်ခဲသည့်လုပ်ငန်းများကို ဦးစွာဆောင်ရွက်ပါ။
၁၀။ အချည်နှီးကုန်ဆုံးသွားသည့် အချိန်များကို စီစစ်၍ ပြုပြင်ဆောင်ရွက်ပါ။

Tuesday, February 19, 2008

အိမ်မက်တစ်ခုနဲ့စတဲ့ဇာတ်လမ်းတစ်ပုဒ်

ဆောင်းနှင်းတွေနဲ့ မြူခိုးတွေဝေနေတဲ့မနက်ခင်းလေးမှာ အစောဆုံးနိုးနေတဲ့ကျွန်မ၊ ပြန်အိပ်မရနိုင်ေ လာက်အောင်ကို ကြည်နူးမှုဖြစ်စေတဲ့ အိမ်မက်လေးကို အိပ်ယာထဲမှာလဲရင်း ပြန်လည်တွေးတော နေမိပါတော့တယ်။ အိမ်မက်ထဲမှာ Peter လို့ ကျွန်မနာမည်ပေးထားတဲ့ သူ့ကိုတွေ့လိုက်ရတယ်။ သူက ကျွန်မကိုပြုံးပြပြီးသူ့ရဲ့ ပုံစံအတိုင်းပဲ တက်ကြွစွာနဲ့ နှုတ်ဆက်တယ်လေ။ အိမ်မက်လေးက ဒါလေးပဲ။ သာမန်လူတစ်ဦးအတွက် ဒီအိမ်မက်ဟာဘာမှ မဟုတ်ပေမယ့် ကျွန်မလို သူ့ရဲ့အပြုံးတစ်ချက်၊ ပါးချိုင့်လေးတစ်ဖက်ကို စွဲလန်းပြီး အမြဲသတိရနေခဲ့ဖူးတဲ့ သူတစ်ယောက်အတွက်တော့ အရမ်းကို ကြည်နူးစရာလေးပေါ့။ သြော်---ဘာလိုလိုနဲ့ သူနဲ့မတွေ့တာတောင် တစ်နှစ်ကျော်နေပြီပဲ။
လွန်ခဲ့သောလေးနှစ်လောက်က သူနဲ့စတွေ့ခဲ့တာပေါ့။ အင်္ဂလိပ်စကားပြောအရမ်းကိုကျွမ်းကျင်ချင်တဲ့ ကျွန်မ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိချင်တဲ့ ကျွန်မအတွက်တော့ သူဟာ စံပြလူတော်တစ်ယောက်ပေါ့။ ကျွန်မအနေနဲ့ ပြောရရင် သူဟာကျွန်မရဲ့Ideal Man ပေါ့။ ကျွန်မမှာ ခိုင်လေး၊ ဇင်လေးနဲ့ သူရဆိုတဲ့ အခင်ဆုံး သူငယ်ချင်းသုံးယောက်ရှိပါတယ်။ သူတို့သုံးယောက်နဲ့က တက္ကသိုလ်ရောက်မှ ခင်ပေမယ့် တကယ့်ငယ်သူငယ်ချင်း တွေလိုပါပဲ။ သူရနဲ့ဘယ်လိုစခင်သွားတာကို ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မသိတာ တစ်ခုကတော့ သူက အရမ်းကိုပျော်ပျော်နေတတ်တာရယ်၊ ကျွန်မတို့အပေါ်ကို အရမ်းဂရုစိုက်တတ်တာရယ်၊ အမြဲအနွံနာခံတတ်တာရယ်ပါပဲ။ သူရရဲ့အပြောကောင်းမှုကြောင့် ကျွန်မတို့သူငယ်ချင်း၎ ယောက် အင်္ဂလိပ်စာ သင်တန်းတစ်ခုကို စတက်ဖြစ်တယ်လေ။ အရမ်းကိုပျော်စရာကောင်းတဲ့စာသင်ဝိုင်းလေးပါ။ ကျွန်မတို့အပါအ၀င် စာသင်သား ၁၄ ယောက်လောက်ဟာ ဆရာ၂ယောက်နဲ့ မိသားစုသဖွယ်ပျော်ရွှင်စွာနဲ့အင်္ဂလိပ်စာကို လေ့လာခဲ့ကြပါတယ်။ သင်တန်းတက်တဲ့ ဆဠမမြောက်နေ့မှာ နောက်သင်မယ့်ဆရာအသစ်အကြောင်း တစ်စွန်းတစ သိထားတာက အရမ်းကို တော်တယ့် အကြောင်းတွေချည်းပဲလေ။ ဒါ့ကြောင့်နေရင်းထိုင်ရင်းနဲ့ကို အဲ့ဒီဆရာနဲ့ တွေ့ရမှာကို ကြောက်နေမိတာပေါ့။ စိတ်ကူးထဲမှာလည်းဆရာ့ရဲ့ပုံစံကို ပုံဖော်နေရင်းက ဆရာလာပြီလို့ သူရက အော်ပြောလိုက်တဲ့အခါ ကြည်ပြာရောင်အင်္ကျီနှင့် အပြာရောင်ဘောင်းဘီကို သပ်ရပ်စွာဝတ်ဆင်ထားတဲ့ အသက် ၂၄နှစ်အရွယ် လူတစ်ဦးကို တွေ့လိုက်ရပါတယ်။ သူကသူ့ကိုသူ ဒီအတန်းကို သင်မယ့်အင်္ဂလိပ်စာ ဆရာဘုန်းမြတ်ဖြစ်ကြောင်း၊ သူက အင်္ဂလိပ်စကားပြောအပိုင်းကို တာဝန်ယူပြီး သင်ကြားပေးမယ့်သူ ဖြစ်ကြောင်းဖော်ရွေစွာ ပြုံးပြီးပြောပြနေခဲ့ပါတယ်။
အဲ့ဒီ့အချိန်အထ Peterဆိုတဲ့ သူကို ကျွန်မရင်မခုန်ခဲ့သေးပါဘူး။ Peter ဆိုတာ ကျွန်မရဲ့အိမ်မက်ထဲကနေ စတင်ဖြစ်တည်လာတဲ့ လူတစ်ယောက်ပါ။ ဘုမသိဘမသိ ဆောင်းအိမ်မက် တစ်ခုကြောင့် ကျွန်မရဲ့ဖြူစင်လှတဲ့ သံယောဇဉ်တွေ အရောင်ပြောင်းခဲ့ရပါတယ်။ အိမ်မက်ထဲမှာ သူဆိုတဲ့ လူနဲ့ကျွန်မချစ်သူတွေဖြစ်ပြီး ကြည်နူးနေကြတယ်တဲ့လေ။ သူဆိုတာ----- အိမ်မက်ကနိုးတဲ့အထိ ကျွန်မရင်တွေခုန်နေဆဲပဲလေ။ နောက်တစ်နေ့မှာ အိမ်မက်အကြောင်းကို ခိုင်လေးနဲ့ ဇင်လေးကိုပြောပြဖို့ ကျွန်မအရမ်းရှက်နေခဲ့တယ်။ ဒါ့ကြောင့်သူတို့ကို မပြောပြဘဲ ကျွန်မတစ်ယောက်ထဲပဲ သူနဲ့တွေ့တဲ့အခါ ရင်တွေခုန်ရင်းနဲ့ စိတ်ထဲမှာတိတ်တခိုးလေး သူ့ကို နာမည်လေးတစ်ခု ပေးလိုက်တာက Peterတဲ့လေ။ သူ့ရဲ့နောက်ပြောင်မှုတွေ၊ သူပြုံးတာ၊ ရယ်တာ၊ ဒေါသထွက်တာ၊ ကျွန်မကို အာပေးတာ၊ တခါတလေကျွန်မဆံပင်တွေကို မတော်တဆနင်းမိတဲ့အခါ အရမ်းအားနာပြီးတောင်းပန်တာ၊ ကျွန်မကိုဂရုစိုက်တာ ဥပမာ- မြို့ထဲသွားပြီးပြန်တဲ့အခါ ကလေးတစ်ယောက်လို ကျွန်မကို စိတ်မချတတ်တာ၊ လမ်းအတူလျောက်ရင်း ကျွန်မရဲ့မလှတဲ့ခြေချောင်းလေးတွေကို ခိုးကြည့်တတ်တာ စတာတွေကို ရင်ခုန်ရင်းနဲ့ပဲ ပျော်ရွှင်နေခဲ့မိတယ်လေ။ ဒီလိုနဲ့ တနေ့မှာ ကျွန်မရဲ့ရင်ခုန်မှုတွေကို ဇင်လေးနဲ့ ခိုင်လေးက ရိပ်မိသွားခဲ့ပါတယ်။ သူတို့ကလည်း ကျွန်မစိတ်ချမ်းသာရင် ပြီးရောဆိုပြီး ဘာမှ ဝေဖန်မှု၊ ကန့်ကွက်မှုတွေမလုပ်တာကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ ကျေးဇူးလည်း အရမ်းတင်ခဲ့ပါတယ်။
ဒီလိုနဲ့ ပျော်ရွှင်ရင်ခုန်နေရင်း အိမ်မက်တစ်ခုကို ထပ်မက်တာက သူနဲ့ ကောင်မလေးတစ်ယောက်နဲ့ မင်္ဂလာဆောင်နေတာတဲ့လေ။ ကျွန်မအရမ်းတုန်လှုပ်သွားတယ်။ အိမ်မက်မကောင်းရင်အိပ်ရှေ့က သစ်ငုတ်တိုမှာ ရေလောင်းရတယ်ဆိုလို့ ရေတွေလောင်းတာ ဗွက်တွေတောင် ထကုန်တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး အခြားသူငယ်ချင်းတွေဆီက သိလိုက်ရတာက သူ့မှာ ရည်းစားရနေပြီတဲ့။ မကြာခင် လက်ထပ်ကြတော့မယ်တဲ့။ သူက ကျွန်မတို့ကို ပြောဘူးတယ်လေ ဘယ်တော့မှမငိုနဲ့ အမြဲတမ်းပြုံးနေပါ ငါဟာအမြဲတမ်းအောင်မြင်နေမှာ ဆိုတာ သူ့ရဲ့ လက်စွဲဆောင်ပုဒ်ပဲတဲ့လေ။ သူ့စကားကို ကျွန်မနားထောင်တဲ့အနေနဲ့ ကျွန်မ၀မ်းမနည်းဘူး ကျွန်မစိတ်ကို ပျော်အောင်ပဲထားတယ်။ ကံကောင်းစွာပဲ သူနဲ့ကျွန်မမှာ နောက်ဆုံးအမှတ်ရစရာ ခရီးလေးတစ်ခုသွားခဲ့ရတယ်။ သူငယ်ချင်းတွေအားလုံးက သူ့ရဲ့ ကောင်မလေးကို ခေါ်လာခိုင်းတယ်။ ခေါ်မလာပါစေနဲ့လို့ပဲ ကျွန်မ အကြိမ်ကြိမ်ဆုတောင်းနေမိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ သူနဲ့ ပျော်ရွှင်ရမယ့်အချိန်အရမ်းနည်းနေပြီလေ။ ဒါကြောင့် အခုနောက်ဆုံး ခရီးလေးကို ကျွန်မဘ၀မှာ အမှတ်တရလေးအဖြစ် ထာဝရသိမ်းထားချင်တယ်လေ။ ကျွန်မဆုတောင်း ပြည့်ခဲ့ပါတယ်။ သူ့ရဲ့ကောင်မလေးကို သူခေါ်မလာခဲ့ပါဘူး။
ဒီခရီးမှာ ခိုင်လေးနဲ့ဇင်လေး မပါခဲ့ပါဘူး။ သူတို့က ကျွန်မရဲ့ရူးသွပ်မှုကို မကြည့်ရက်တာကြောင့် မလိုက်ခဲ့တာပါ။ ခရီးတစ်လျှောက်လုံးမှာ သူ ကျွန်မကို အရမ်းကို ဂရုစိုက်ခဲ့ပါတယ်။ ဂိမ်းတွေကစားတဲ့အခါ အရမ်းကို အရှက်အကြောက်ကြီးတဲ့ကျွန်မကို သူကပဲ ကူပြီး အခြားသူတွေ အတင်းမကခိုင်းအောင် ကြိုးစားပြောပေးခဲ့ပါတယ်။ ကျွန်မ အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။ သူ့ရဲ့ဂရုစိုက်မှု တွေကိုဒီထပ်မက ပိုလိုချင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဂရုစိုက်မှုတွေတောင် နောက်ဆုံးရခဲ့တာပါ။ အိမ်အပြန် လမ်းတစ်လျှောက်မှာ ငေးမှိုင်ပြီး သူ့ကို နောက်ဆုံးအနေနဲ့ တ၀ကြီးကြည့်နေမိခဲ့ပါတယ်။ နောက်ထပ် ၁၀ ရက် ကြာလို့ သူလက်ထပ်ပြီးသွားရင် ကျွန်မ သူ့ကို မေ့ပစ်ရမယ်လေ။ အဲ့ဒီ့နေ့ရောက်မှာကို ကျွန်မ အရမ်းကြောက်နေခဲ့ပါတယ်။
ဒီလိုနဲ့ သူ့မင်္ဂလာဆောင်နေ့ကိုရောက်တဲ့အခါ ကျွန်မအလှပဆုံးဖြစ်အောင် ပြင်ဆင်ပြီး သူ့ကိုသွားပြီး ဂုဏ်ပြုခဲ့ပါတယ်။ အခါတော်ပေးသီချင်းကို ဟေမာနေ၀င်း ဆိုတဲ့အခါ သတိုးသားနဲ့သတိုးသမီး မင်္ဂလာခန်းမထဲကို ၀င်လာတဲ့အချိန်မှာ အပြင်မှာတော့ ရယ်နေပေမယ့် ရင်ထဲမှာတော့ မျက်ရည်မိုးတွေရွာနေခဲ့ပါတယ်။ ဒါကိုသူသိတဲ့ပုံလည်းမရပါဘူး။ အဲ့ဒီနေ့ကတည်းက သူနဲ့ကျွန်မ ပြန်မဆုံတာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ သူ့အပေါ်မှာလည်း မိတ်ဆွေတစ်ဦးထက် မပိုတဲ့ သံယောဇဉ်ပဲထားရမယ်လို့ ဇင်လေးနဲ့ ခိုင်လေးတို့က သတိပေးကြပါတယ်။ ကျွန်မခံစားနေရတာကို သူတို့မကြည်ရက်ဘူးတဲ့လေ။ ကျွန်မလည်း ကြိုးစားပြီး မိတ်ဆွေတစ်ယောက်လိုခင်မင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဗုဒ္ဓဘာသာတွေဖြစ်တဲ့ သူနဲ့ ကျွန်မနဲ့က စည်းတစ်ခုက အလိုလိုခြားထားပြီလေ။
သမီးရေ-- ထတော့လို့ နှိုးတဲ့အမေ့ရဲ့အသံအဆုံးမှာ ကျွန်မရဲ့အတွေးတွေ ရပ်တန့်သွားခဲ့ပါတယ်။ ရှင်—---လို့ပြန်ထူးရင်း အိပ်ယာပေါ်မှ ထကာ မနက်ကျောင်းသွားဖို့ပြင်ဆင်ရင်း ထပ်ပြီး တွေးမိတာတစ်ခုက သူနဲ့များ ဒီနေ့ တွေ့မလားဆိုတာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့အိမ်မက်တွေက မှန်တတ်တယ်လေ။

Tuesday, February 5, 2008

မိတ်ဆွေတိုးပွားစေရေး

လူတိုင်းမှာ အနည်းဆုံးတော့မိတ်ဆွေတစ်ယောက်ကတော့ ရှိမယ်လို့ထင်ပါတယ်။ အဲ့ဒီ့မိတ်ဆွေတွေနဲ့တခါတရံ မထင်မှတ်တဲ့အပြုအမူတွေကြောင့် အခင်အမင်ပျက်တတ်ကြပါတယ်။ ကျွန်ုပ်ကိုယ်တိုင်လည်း ဒီလိုအမှားမျိုးတွေဘယ်နှစ်ခါလောက် ကျူးလွန်မိလည်းမသိအောင်ပါဘဲ။ ကိုယ်ကမှ ဒါတွေမသိတာလေ။ ကိုယ်ပြောချင်ရာပြောတယ်။ လုပ်ချင်ရာလုပ်တဲ့အကျင့်က မကောင်းမှန်း ဆရာချစ်နိုင် (စိတ်ပညာ) ရဲ့ ဘ၀တစ်ခုစီမံမှု ဆိုတဲ့ စာအုပ်လေးဖတ်မိတော့မှပဲ ကျွန်ုပ်ရဲ့အားနည်းချက်များကို မြင်တွေ့လာရပါတယ်။ ဒါနဲ့ပဲ မိတ်ဆွေတွေကို စာအုပ်လေးထဲမှာပါတဲ့အကြောင်းအရာအများကြီးထဲကမှ မိတ်ဆွေတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နေထိုင်ပုံနေထိုင်နည်းတွေကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
မိတ်ဆွေများနှင့် ဆက်ဆံတဲ့အခါ ပျော့ပျောင်းခြင်း( SOFTEN)လို့ အမည်ရတဲ့ နည်းစနစ်လေးကို သုံးသင့်ပါတယ်။ အဲဒါတွေကတော့
S= (Smile)ပြုံးပါ- ဒါက ခင်မင်ရင်းနှီးမှုကို ဖော်ပြပါတယ်။
O= (Open your posture) သင့်ကိုယ်ဟန်အနေအထားကို ဖွင့်ထားပါ- ဆိုလိုတာက သက်တောင့်သက်သာနေပါ။ လက်ကိုပိုက်မထားသင့်ပါဘူး။ ခြေထောက်ချင်းချိတ်ပြီး မထားသင့်ပါ။
F= ( Forward) ကိုင်းညွှတ်ပါ- သင်သည် အခြားတစ်ယောက်အပေါ် အာရုံအပြည့်စူးစိုက်ကြောင်းပြဖို့ အဲ့ဒီ့လူဘက်ကို အနည်းငယ်ကိုင်းပေး၊ တိမ်းပေးပါ။ ကဲ------ မိတ်ဆွေအပေါင်းလည်း သတိလေးနှင့် နေထိုင်ပြီး မိတ်ဆွေဘ၀တည်မြဲအောင်ထိန်းသိမ်းနိုင်ပါစေ။ ကျွန်ုပ်အမြင်ကတော့ ခင်မင်ဖို့ဆိုရာရင် စိတ်ကအဓိကလို့မြင်ပါတယ် ။ မိတ်ဆွေတို့ကောဘယ်လိုမြင်ပါသလဲ။
T= ( Touch) ထိပါ- တစ်ခါတလေတော့လည်း အခြားလူကသာနှစ်သက်မယ်ဆိုရင် သင့်လက်နဲ့ အဲ့ဒီ့လူရဲ့ လက်မောင်းကိုကိုင်ထားသင့်ပါတယ်။
E= ( Eye Contact) မျက်လုံးချင်းကြည့်ပါ- အခြားလူကို ကြည့်ခြင်းအားဖြင့် သင်သည် အဲ့ဒီ့လူပြောနေတာကို စိတ်ဝင်စားနေကြောင်း၊ သူပြောတာတစ်ခုကိုမှ လွတ်မသွားကြောင်းပြပါတယ်
N= ( Nod) ခေါင်းညိမ့်ပါ- ခေါင်းညိမ့်ပြတာသည် ဘာပြောလိုက်တယ်ဆိုတာ သင်သဘောပေါက်ကြောင်း ဖော်ပြရာရောက်ပါတယ်။ ဒါဟာ သင်ဆက်ပြီး စကားစမြည်း ပြောလိုကြောင်းလည်းပြပါတယ်။

Friday, February 1, 2008

တစ်ယောက်သောသူ

ရွှန်းလဲ့လွန်းတဲ့ မင်းမျက်ဝန်းနဲ့
မာယာကင်းသော စကားလေးက
ရင်ကိုထိခဲ့
ကြည်လင်ရှင်းသန့် အပြစ်ကင်းတဲ့
ပါးချိုင့်လေးရဲ့ အပြုံးတစ်ချက်
ငါသေလောက်ရဲ့
ကြင်နာတတ်သော မင်းအကြည့်ရယ်
ကူညီတတ်တဲ့ မင်းရဲ့သွင်ပြင်
ကိုယ်ရင်ထဲမှာ စွဲထင်နေတာ
မင်းသိရဲ့လား
တစ်ယောက်သောသူအတွက် ရောင်စဉ်ခံစားရေးဖွဲ့သည်။